ကန္တာရဝတီတိုင်း ( မ် )
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်တာ လေးနှစ်ပြည့်နေ့အထိမ်းအမှတ်မှာ အခက်အခဲတွေကို ကျော်လွှားပြီး တော်လှန်ရေးအောင်နိုင်သည်အထိ ဆက်ပြီး ကြိုးစားသွားမယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက အသိပေးပါတယ်။
မေလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ KNDF လေးနှစ်ပြည့်နေ့ အထိမ်းအမှတ်နဲ့ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ဒုစစ်ဦးစီးချုပ် မာဝီက အခုလို ပြောဆိုထားပါတယ်။
“ဘယ်လိုအခက်အခဲတွေပဲရှိပါစေ ကျနော်တို့တွေ ကျော်လွှားပြီး လူထုအတွက် အလုပ်လုပ်ကြရမှာဖြစ်တယ်ဆိုတဲ့ဟာ ကျနော်တို့ရဲဘော်ရဲဖက်တွေအားလုံးကို တိုက်တွန်း အားပေးလိုတယ်ပေါ့နော။ ကျဆုံးသွားတဲ့သူတွေကို မျက်နှာမပျက်ရလေအောင်၊ အာဇာနည်တွေအပေါ်မှာ သစ္စာတည်ရလေအောင် ဆက်ပြီးတော့မှ တော်လှန်အောင်နိုင်သည်အထိ ကျနော်တို့ဆက်ပြီးကြိုးစားသွားမှာဖြစ်တယ်ဆိုတဲ့ဟာကို ပြောချင်ပါတယ်။”လို့ ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
ကဏ္ဍအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ KNDF တပ်ဖွဲ့ဝင်အားလုံးကို အသိအမှတ်ပြုပြီး မှတ်တမ်းတင်အပ်ကြောင်းလည်း ပြောဆိုထားပါတယ်။

“ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ KNDF ရဲဘော်ရဲဖက်တွေ အားလုံးအတွက်ကတော့ ကျနော်တို့က အသိအမှတ်ပြုကြောင်း သူတို့ရဲ့ အနစ်နာခံမှုတွေ၊ အပင်ပန်းခံမှုတွေ၊ စွန့်လွှတ်မှုတွေအားလုံးကို ကျနော်တို့ မှတ်တမ်းတင်အပ်ကြောင်း၊ အလေးပြုကြောင်း၊ အသိအမှတ်ပြုကြောင်းကို ကနဦးပြောရမှာဖြစ်ပါတယ်။ သို့သော်လည်း ဒီလေးနှစ်တာက အခုမှ အစပဲရှိသေးတယ် ကျနော်တို့က ထပ်ပြီးတော့မှ မတူညီတဲ့အခက်အခဲတွေကို ဆက်လက်တွေ့ကြုံရအုံးမှာဖြစ်တယ်။ ဒီအခက်အခဲတွေကို ကျော်လွှားပြီးတော့မှ အာဏာရှင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကိုလည်း ဆက်ပြီးတော့မှ နိုင်သည်အထိ ကျနော်တို့ တွန်းလှန်ရအုံးမှာဖြစ်တယ်။ ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့လည်း ယုံကြည်တယ်။”လို့ ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
အာဏာရှင်မင်းအောင်လှိုင်တို့အုပ်စု မရှိမှသာလျှင် မြန်မာပြည်ရဲ့ လူမှုရေး၊ စီးပွားရေး ၊ တခြားသော အရေးအရာ ကဏ္ဍတွေအားလုံးမှာ လူထုဟာ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးနေရမယ့် အခြေအနေဖြစ်တယ်လို့လည်း ဒုစစ်ဦးစီးချုပ် မာဝီက ဖြည့်စွက်ပြောဆိုထားပါတယ်။
ဒီကနေ့မှာ ကျရောက်တဲ့ KNDF လေးနှစ်ပြည့်နေ့ကို မဟာမိတ်တပ်ပေါင်းစု၊ တော်လှန်ရေးအင်အားစုအသီးသီးကလည်း သဝဏ်လွှာကို ပေးပို့ထားပါတယ်။