spot_imgspot_imgspot_imgspot_img
Wednesday, November 6, 2024
spot_imgspot_imgspot_imgspot_img

ထပ်မံရောက်ရှိလာတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်အတွက် နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ မေလပိုင်းကစပြီး လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ရှောင်တွေ ထပ်မံရောက်ရှိလာပြီး နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်နေတယ်လို့ သိရပါတယ်။ မိုးရာသီကာလဖြစ်တာကြောင့် အမိုးအကာ အရေးပေါ်လိုအပ်နေသလို စားနပ်ရိက္ခာအတွက်လည်း ထောက်ပံ့မှုလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“မိုးတွင်းဆိုတော့ အဓိက မိုးကာပေါ့ မိုးကာပြီးတော့ တချို့ခါကျတော့ ပြေးလွှားရင်း နဲ့ ရွာမှာကတည်းက ရက်ပိုင်းနဲ့ပဲ ထွက်ပေးပါ ဆိုပြီးတော့ ပစ္စည်းတွေ မသယ်ရတော့ စောင်တွေ ခြင်ထောင်တွေ အကုန်မပါခဲ့ဘူးပေါ့နော်။ မလုံမလောက်ခါကျတော့ မိုးတွင်းဆိုတော့ မိုးတအားအေးတဲ့ခါကျတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်။ အဲ့လိုမျိုးတွေ ဖြစ်သွားတယ်လေ။ အဓိကခါကျတော့ အမိုးပေါ့ အမိုးက မလုံဘူး မိုးတအားပက်တယ် မိုးကာ အဟောင်းတွေနဲ့ပဲ ပိတ်မယ်ဆိုလည်း တအားပက်တယ်။” လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေဟာ လွိုင်လင်လေး၊ ရေဖြူ၊ နာနတ်တော၊ ထေးငှားလျား နဲ့ အနီးအနားက ကျေးရွာက ဒေသခံတွေဖြစ်ကြပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်ကာလ တစ်လကျော်ရှိနေပြီး နေထိုင်ရေးအတွက် ခက်ခဲနေဆဲဖြစ်သလို ရွာကနေ ထွက်ပြေးလာစဉ်ကလည်း အသုံးအဆောင်ပစ္စည်းတွေ မပါလာတာကြောင့် လိုအပ်နေတယ်လို့ ဆိုပါတယ်။

မိုးရာသီကာလဖြစ်တာကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းက ရှိနှင့်ပြီးသား စစ်ရှောင်တွေအတွက် အမိုးအကာတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံရောက်ရှိလာတဲ့စစ်ရှောင်တွေကို ပေးဝေဖို့အတွက် လိုအပ်ချက်ရှိနေပြီး အလှူရှင်တွေလည်း မရောက်ရှိဘူးလို့ စစ်ရှောင်စခန်း ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အမိုးအကာတွေက စစ်ရှောင် စခန်းတွေမှာ ဝေမျှတာတွေရှိတယ်ပေါ့နော်။ ဒါပေမယ့် စစ်ရှောင် များတော့ လိုအပ်နေတာတွေ ရှိသေးတာပေါ့။ ကျနော်တို့လည်း လိုအပ်နေပါတယ်။ အလှူရှင်တွေလည်း နည်းလာတယ်” လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ ခိုလှုံနေထိုင်ကြသလို တောတောင်ထဲ မိုးကာတဲထိုးပြီး နေထိုင်ကြရပါတယ်။ ဒေသတွင်းတိုက်ပွဲတွေကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းဝန်းကျင် ခိုလှုံနေထိုင်ကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts