ကန္တာရဝတီတိုင်း (မ်)
ထိုင်းနိုင်ငံ၊ မယ်ဟောင်ခရိုင်၊ မယ်ဟောင်ဆောင်မြို့ မှာ တရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၆ ဦး ဖမ်းဆီးခံရတယ်လို့ ရွေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဘန့်နိုင်းစွိုင်ကျေးရွာအနီးက တောထဲမှာ ရာသီပေါ် အင်ဥ ရှာထွက်တဲ့ ရွေ့ပြောင်းလုပ်သား ၆ ဦးကို ထိုင်းရဲတွေက လမ်းမှာ စစ်ဆေးပြီး လက်ထိပ်ခတ် ဖမ်းဆီးသွားခဲ့တယ်လို့ အစစ်ဆေးခံခဲ့ရတဲ့ တရားဝင်နေထိုင်ခွင့် အထောက်အထား ရှိသူ ရွေ့ပြောင်းအလုပ်သမားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
“သူက ကဒ်ရှိလား။ ကဒ်မရှိဘူးလား အဲလောက်ပဲမေးတယ်။ ထိုင်းစကား မတတ်ရင်တော့ သူတစ်ခါတည်း လက်ထိပ်ခတ်တယ်။ ” လို့ ရွေ့ပြောင်းအလုပ်သမားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့မှာလည်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ခြောက်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းနှစ်စဥ် ထုတ်ပေးနေတဲ့ အလုပ်သမားမှတ်ပုံတင်ကဒ် (ပန်းရောင်ကဒ်) ပြုလုပ်ဖို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းအစိုးရက ကြေငြာခဲ့ပြီးတဲ့နောက် မယ်ဟောင်ဆောင် ခရိုင်အတွင်း စစ်ဆေးမှုတွေကို တင်းကြပ်လာတာဖြစ်တယ်လို့ ရွေ့ပြောင်း အလုပ်သမားတွေက ဆိုပါတယ်။
“ဖမ်းဆီးမှုအခြေအနေက ဒီနှစ်ထဲကို သိသိသာသာ ပိုမြင်လာရတယ်။ ကိုယ့်အသိထဲကလည်း ဖမ်းမိသူတွေလည်း ရှိဖူးတော့။ အရင်ကအစစ်ဆေးဆို ဂိတ်တွေမှာပဲ ကြားဖူးတယ် မြင်ဖူးတယ်လေ။ ဒီနောက်ပိုင်းက ဂိတ်မှာမဟုတ်ပဲ အခြားနေရာတွေထိ လိုက်စစ်လိုက်ဖမ်းလာတာတ အားများလာတယ်။ ဥပမာ တောထဲတို့ ဆိုင်ထဲမှာတို့လည်း ဖမ်းမိလာတာများလာတယ်။ အထောက်အထားရှိလည်း ကြောက်နေရတဲ့ အခြေအနေဖြစ်လာတယ်လေ စကားမတတ်တော့” လို့ ကရင်နီ ဒေသခံ အမျိုးသမီး ရွေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
မယ်ဟောင်ဆောင်မြို့ရဲစခန်း ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အချက်အလက်တွေအရ မေလ ၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ရွေ့ပြောင်းလုပ်သား ၂၃ ဦးဖမ်းဆီးခံရကြောင်း ဆိုထားပါတယ်။
မယ်ဟောင်ဆောင်မြို့ဟာ ကရင်နီပြည်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ နယ်စပ်မြို့ တစ်ခုဖြစ်ပါတယ်။