ကန္တာရဝတီတိုင်း ( မ် )
ထိုင်းနိုင်ငံ၊ ဘန်းပိုမြို့၊ သစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ မောင်ရှိသဲဟာ လုပ်ငန်းခွင်အတွင်း မတော်တဆ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး အကူအညီလိုအပ်နေတယ်လို့ မောင်ရှိသဲ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ မနက် ၉ နာရီအချိန် သစ်စက်ရုံမှာ သစ်ဖြတ်နေစဉ် အောက်မှာကျသွားတဲ့ ပုဆိန် (ရဲဒင်း) ကို ပြန်ကောက်ဖို့ အောက်ငုံ့ကာက်ယူနေချိန် လွှသွားနဲ့ မျက်နှာ၊ လက်ကို မတော်မဆ ထိခိုက်မိသွားခဲ့ပါတယ်။ မျက်နှာတစ်ဖက် အပြင်းအထန် ဒဏ်ရာရရှိသွားသလို ဘယ်လက်တစ်ဖက်လည်း ထိခိုက်သွားပြီး စတီးချောင်း ထည့်ထားရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူနေရပြီး အလုပ်ရှင်ဖက်ကတော့ ကုန်ကျစရိတ်တစ်ဝက် ပြန်ကူမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ် ထိုင်းဘတ်ငွေ တစ်သိန်းခွဲကျော် ကုန်ကျမှာဖြစ်တဲ့အတွက် အကူအညီလိုအပ်နေတယ်ဆဲပဲလို့ မောင်ရှိသဲ သူငယ်ချင်းဖြစ်သူတစ်ဦးက အခုလို ပြောပါတယ်။
“အလုပ်ရှင်ကတော့တစ်ဝက်ပြန်ကူမယ်လို့ပြောတယ်။ ဒါပေမဲ့ မသေချာသေးဘူးပေါ့နော်။ သူရဲ့ဘယ်ဖက်လက်ကတော့ စတီးနဲ့ပြန်ထည့်ထားပေးတယ်၊ အခြေအနေကတော့ သေချာမသိသေးဘူး။ သွေးအားနည်း ၊ သွေးလိုအပ်နေပြီး ပိုက်ဆံကလည်း အကူအညီလိုအပ်တယ်။”လို့ သူက ပြောပါတယ်။
ဆေးရုံမှာ ကုသမှုခံယူနေတာ ၈ ရက်ခန့် ရှိနေပြီဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။ ဆေးကုသစရိတ်အတွက် ငွေကြေးအကူအညီလိုအပ်နေဆဲဖြစ်တာကြောင့် ပါဝင်ကူညီပေးကြဖို့ မောင်ရှိသဲနဲ့ နီးစပ်သူတွေက မေတ္တာရပ်ခံထားပါတယ်။
မောင်ရှိသဲဟာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ခရို့ခူကျေးရွာမှာနေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံကို ရောက်ရှိတာ တစ်နှစ်ရှိပြီဖြစ်ပါတယ်။