စိုးထိုက်အောင်
ထိုင်းနိုင်ငံနဲ့ကယားပြည်နယ် ဆက်စပ်နေတဲ့ မယ်စဲ့မြို့နယ်အတွင်းက BP ၁၄ဂိတ်ကို ကုန်သွယ်ရေးအတွက် တရားဝင်ဖွင့်လှစ်ပေးဖို့ အဲဒီမှာနေတဲ့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
“ ဒီလမ်းကြောင်းပွင့်ပြီးတော့မှ ကုန်သွယ်ရေး အသွားအလာတွေဖြစ်မှ ကျတော်တို့ကျေးရွာအနေနဲ့လည်း လူထုတွေ အလုပ်အကိုင်၊ စားဝတ်နေရေးတွေ အဆင်ပြေမှာဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျတော်တို့ကျေးရွာသည် ပင်မရင်းမြစ်ကျတော်တို့ ပြောမယ်ဆိုလို့ရှိရင် နယ်မြေခံလူတွေမဟုတ်တဲ့အတွက်ကြောင့် လယ်ယာမြေတွေ မရှိဘူးလေ။ လယ်ယာမြေတွေမရှိတဲ့ အတွက်ကြောင့် ဒီကုန်သွယ်ရေးလမ်းကြောင်းကိုပဲ အမှီပြုပြီးတော့မှ လုပ်ကိုင်စားသောက်ရတဲ့ ကျေးရွာဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းဖွင့်မယ်ဆိုရင်တော့ ဒါကျတော်တို့ကျေးရွာအတွက် စားဝတ်နေရေးလေးတွေ၊ အလုပ်အကိုင်လေးတွေ အဆင်ပြေမယ့် အနေအထားရှိတာပေါ့။” လို့ မယ်စဲ့အုပ်စု အုပ်ချုပ်ရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။
Covid မဖြစ်ပွားခင်အထိ ဟိုစဲ့ကျေးရွာကဒေသခံတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက နယ်စပ်နားက ရွာတွေဟာ နယ်စပ်ဂိတ်ပေါက် ၁၄ကနေ တရားဝင်မဟုတ်ပေမဲ့လည်း နှစ်ဘက်သဘောတူညီမှုတွေနဲ့ကုန်သွယ်မှုတွေပြုလုပ်နိုင်တာဖြစ်ပါတယ်။ Covid ဖြစ်လာတဲ့နောက်ပိုင်းမှာ ဂိတ်ကိုပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့အလုပ်လက်မဲ့တွေဖြစ်နေကြတယ်လို့ နေမျိုးကျော်ကပြောပါတယ်။
“ဘယ်လိုမျိုးလုပ်ကိုင်စားကြလည်းဆို ဟိုဘက်ကလူတွေကလည်း ဒီဘက်ကထွက်တဲ့ပစ္စည်းတွေကို အဲ့လိုပေ့ါ လာဝယ်ပြီးတော့မှရောင်းချကြတယ်။ ဒီဘက်ကလူတွေကလည်း ဟိုဘက်ကထွက်လာတဲ့ပစ္စည်းတွေကို ဒီလို တစ်ပိုင်တစ်နိုင်လေးလုပ်ကိုင်စားသောက်ကြတယ်လေး။ အခုကြတော့လမ်းတွေက ဒီလို Covid ကာလနဲ့ဆိုပိတ်ထားလိုက်တော့ အကုန်လုံးက အဲ့လိုမျိုးအလုပ်လက်မဲ့တွေဖြစ်ကုန်တာပေါ့။” လို့ဟိုစဲ့ကျေးရွာမှာနေတဲ့ ဒေါ်သိန်းရင်က ဆိုပါတယ်။
ဟိုစဲ့ကျေးရွာကနေ ထိုင်းနယ်စပ်ဘက်ကို ၆မိုင်ခန့်လောက်ပဲဝေးတာဖြစ်ပါတယ်။ ဟိုစဲ့ကျေးရွာက ဒေသခံတွေက၁၄ဂိတ်ကနေ ထိုင်းနိုင်ငံဘက်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နှမ်း၊ အမွေးးတိုင်၊ ဖယောင်းတိုင်တွေကို အဓိကပို့ပေးတာဖြစ်ပြီး ထိုင်းဘက်ကနေ စားသောက်ကုန်အချို့ကိုပြန်သွင်းလာတာဖြစ်ပါတယ်။ ထိုင်းဘက်ကို ပစ္စည်းပို့မယ်ဆိုရင် ပြည်နယ်အတွင်းကို ပြန်ပို့ပေးတာထက် ထက်ဝက်ခန့်လောက်ဈေးပိုရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မယ်စဲ့မြို့နယ်အတွင်းမှာထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ BP ၁၃ ဂိတ်နဲ့BP ၁၄ဂိ တ်တွေရှိပါတယ်။ BP ၁၃ ဂိတ်ကို သာတရားဝင်ဖွင့်လှစ်ထားတာဖြစ်ပြီး ယခုCovid ကာလအတွင်း ဂိတ်ပေါက်ကို ၃ရက်သာဖွင့်လှစ်ထားတာဖြစ်ပါတယ်။
“ ဒီနယ်စပ်ဂိတ်တွေ လမ်းပိတ်ထားတာတွေပေါ့နော်။ အဲ့လိုတွေပိတ်ထားတော့ ပြည်သူလူထုအတွက်ဆိုရင်လည်း အဆင်မပြေတာ အများကြီးရှိတယ်။ စားဝတ်နေရေး၊ လူမှုရေးတွေကစ အကုန်လုံးပေါ့နော်။ လူမှုဖူလုံရေးဆိုရင်လည်း အဆင်မပြေတာတွေ အများကြီးရှိတယ်ပေါ့နော်” ဟိုစဲ့ကျေးရွာမှာနေတဲ့ မအေးအေးထွေးက ပြောပါတယ်။
၁၉၉၅-၉၆ခုနှစ်တွေမှာ BP ၁၄ ဂိတ်ကို မြန်မာဘက်က တရားဝင်မဟုတ်သော်လည်း ထိုင်းနိုင်ငံဘက်ကနေ ကုန်သွယ်ရေးလမ်းကြောင်းကိုတရားဝင်ဖွင့်ပေးခဲ့ဖူးတယ် လို့ ဒေသခံတွေအဆိုအရသိရပါတယ်။