spot_imgspot_imgspot_imgspot_img
Friday, November 8, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း – ကရင်နီနယ်စပ် စစ်ရှောင်စခန်းမှာ စစ်ကောင်စီရဲ့ ဒရုန်းထောက်လှမ်းမှုရှိနေတာကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်ထိတ်လန့်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ထိုင်း-ကရင်နီနယ်စပ် စစ်ဘေး‌ရှောင်စခန်းတစ်နေရာမှာ စစ်ကောင်စီရဲ့ ဒရုန်းထောက်လှမ်းမှုတွေ နေ့ ၊ ည အချိန်မရွေးရှိနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ကြောက်လန့်နေရပြီး စိတ်လုံခြုံမှုမရှိဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းကို အောက်တိုဘာလ ဒုတိယပတ်ကတည်းက ည ၇ နာရီအချိန် နဲ့ မနက် ၅ နာရီအချိန်တွေမှာ ဒရုန်းထောက်လှမ်းမှုရှိသလို တိုက်လေယာဉ် ၊ ကင်းထောက်လေယာဉ် ပျံဝဲတာလည်း ရှိတယ်လို့ စစ်ရှောင်စခန်းရဲ့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ အတွင်း‌ရေးမှူးတစ်ဦး က ပြောပါတယ်။

“အရင်ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်ဆို သူ (ဒရုန်း) ည ၇ နာရီလောက်ဆို လာပြီလေး နီးနီးလေး လာတာပေါ့နော်။ ရွာနားရောက်ခါနီးပြီဆို မီးလင်းမီးပွင့်ပြီးလာတယ်ကော ဒါပေမယ့် ရပ်ကွက်ပေါ်ရောက်ပြီဆို မီးပိတ်ပြီး ဟိုနားတစ်ချက်တွေ့လိုက် ဟိုနားတစ်ချက်တွေ့လိုက် အဲ့လိုပေါ့နော်။ ဒီရပ်ကွက်ထဲမှာ ပတ်ပတ်ပြီးတော့မှ သူပြန်ထွက်ချိန် မီးပြန်မြင်ရတာပေါ့။ သုံးလေးရက် ဆက်တိုက် ကျနော်တို့တွေ့ရတယ်။ ပြီး မနက်စောပိုင်းလည်း လာတာပေါ့နော် မနက် ၆ နာရီ ၅ နာရီခွဲလောက်ဆို သူ အစောကြီးလာတယ်” လို့ အဆိုပါ အတွင်းရေးမှူးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဒရုန်းတွေ ၊ ကင်းထောက်လေယာဉ်တွေ မကြာခဏ ပျံဝဲတာကြောင့် ပြီးခဲ့တဲ့နှစ်လို ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်နေရတယ်လို့ စစ်‌ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျမတို့ ဒီမှာနေတာ အရင်နှစ်ကလို ပြန်လာလုပ်မှာ စိုးရိမ်တာပေါ့နော်။ စိတ်တွေ အဲ့လိုမျိုးတွေ တွေးတာပေါ့ ဒါက ကံတရားပဲပေါ့။ တခါတလေဆို ကံတရားပဲလို့ တွေးတာပေါ့။ ကံသေရင်တော့ သေ၊ ကံရှင်ရင်တော့ ရှင် အဲ့လိုမျိုး တွေးတော့တာပေါ့ ကျမတို့ သက်ကြီးရွယ်အိုစိတ်တွေက အဲ့လို တွေးတာပေါ့” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းကို ၂၀၂၃ခုနှစ်အတွင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၊ စာသင်ကျောင်းဆောင်ပျက်စီးခဲ့ရသလို စစ်ဘေးရှောင်တွေဟာ တကွဲတပြား ထပ်မံစစ်ဘေးရှောင်ခဲ့ရတာပါ။ လက်ရှိမှာတော့ ပြန်လည်စုရုံးပြီး နေထိုင်ကြပေမယ့် ဒရုန်း၊ လေယာဉ်အသံကြားရင် စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်ကြရတယ်လို့ စစ်ရှောင်စခန်းရဲ့ အတွင်းရေးမှူးတစ်ဦးက ဆက်ပြောပါတယ်။

“ဒရုန်းက မလာတာကြာတော့ လူထုကလဲ နည်းနည်း နား၊ စိတ်အေးတယ်ပေါ့နော် ဒီနားမှာ သူတို့ မရှိတော့ဘူးဆိုတာ စိတ်အေးရတယ်။ သို့ပေမယ့်လဲ သုံး၊ လေးရက် ဆက်တိုက်လာတဲ့ခါကျတော့ သူတို့အရမ်း တုန်လှုပ်တယ်ပေါ့နော် တချို့က သူတို့က ဒရုန်း လာပြီးတော့ ညဆိုင်ကယ်ဖြတ်သွားတာ သူတို့ကြားတာနဲ့ လေယာဉ်နဲ့ ထင်မှားပြီး ပြေးတဲ့သူလည်း ရှိတယ်ကော။ ပြီးတော့မှ ညအချိန် အဲ့မျိုး‌ ရေပုံးထဲ ရေဖွင့်ချလိုက်တော့ ဒီရုတ်တရက် တိုင်ကီထဲ ကျလာတဲ့ အသံကြားတော့ လေယာဉ်နဲ့မှားပြီး ပြေးတဲ့လူ အဖွားတွေ အ‌‌ဒေါ်တွေ ရှိတာပေါ့နော် အဲ့ဒါက ဒါလူထုတွေ တော်တော် စိုးရိမ်ရတယ်” လို့ သူက ပြောပါတယ်။

အဆိုပါ နယ်စပ်က စစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၅၀ကျော်ရှိပြီး လူဦး‌ရေ စုစုပေါင်း (၂၇၇၉) ဦး ရှိတယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေဆဲဖြစ်ပြီး ထပ်တိုးလာတဲ့ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းအတွက်လည်း လိုအပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts