spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်(ရှေ့ ) ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်သူတွေ အရေပြားပေါ်မှာ အဖြူရောင်အစက်အပျောက်များ ဖြစ်ပေါ်နေ

Author

Date

Category

CJ/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်( ရှေ့ ) ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်ပိုင်း ရေမသန့်ရှင်းမှုကြောင့် စစ်ရှောင်စခန်းနေ ပြည်သူတွေရဲ့ အရေပြားပေါ်မှာ အဖြူရောင်အစက်အပျောက်တွေ ဖြစ်ပွားလာကြတယ်လို့ ဖြစ်ပွားနေသူတွေဆီကနေ သိရှိရပါတယ်။

ယခင် ၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်ပိုင်း စက်တင်ဘာလ ကနေ ယခု ဇန်နဝါရီလအထိ ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

“ရေကြီးတဲ့အချိန် မိုးလည်းတကုန်ရွာတော့ မိုးရေထဲမှာပါတဲ့ အက်ဆစ်ကြောင့်လား၊ မိုးရေနဲ့ ဓာတ်မတည့်မှုကြောင့်လား၊ ကလေးတော်တော်များများက အရေပြားပေါ်မှာ အစက်အပျောက်တွေ ဖြစ်နေကြတယ်။ ရေမသန့်ရှင်းမှုကြောင့်လည်း ပါတာပေါ့။ တချို့ကတော့ ယားတယ်ပြောလို့ ယားနာနဲ့ပတ်သက်တဲ့ ဆေးပေးလိုက်တယ်။ လိမ်းဆေးတွေ ပေးလိုက်တော့ တချို့က သက်သာတယ်။ တချို့က မသက်သာဘူး။ ၅ နှစ်အောက် ကလေးတွေ ပိုပြီး အဖြစ်များတယ်။” လို့ စစ်ရှောင်စခန်းတာဝန်ခံ ကျန်းမာရေးဆရာမဖြစ်သူ ဒေါ်နန်းထွေးခမ်းက ပြောပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားချိန်မှာ အိမ်သာ၊ ကြက်ခြံ၊ ဝက်ခြံ စတာတွေ မျှောပါပျက်စီးကုန်တာကြောင့် ပါဝင်တဲ့အညစ်အကြေးတွေကြောင့် ဖြစ်နိုင်တယ်လို့ ကျန်မာရေးတာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။ ပွန်ချောင်းအနီးရှိစစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ ပွန်ချောင်းရေ တစ်ခုတည်းကိုသာ အားထားပြီးအသုံးပြုနေကြရတာဖြစ်ပါတယ်။ ၅ နှစ်အောက် ကလေးငယ်တွေ အများဆုံးဖြစ်ပွားနေပြီး ၎င်းမှတဆင့် မိဘတွေဆီကို ပြန်လည်ကူးစက်သွားတယ်လို့ အဆိုပါစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ မိခင်တစ်ဦးက ပြောပါတယ်။

“ရေကြီးပြီးနောက် ရေမသန့်ရှင်းလို့ထင်တယ်။ ကျမ ကလေးရဲ့ မျက်နှာနဲ့ လက်တွေမှာဆိုရင် အဖြူရောင်အစက်အပျောက်တွေ ထွက်လာတာပေါ့။ ဆေးလိမ်းပေးလည်း မသက်သာတော့ ကျမလည်း ဒီအတိုင်းဘဲထားလိုက်တယ်။ ဖြစ်တာတော့ ၃ လကျော်လောက်ရှိပြီ။ ကလေးတွေဖြစ်ပြီးနောက် ကျမဆီလည်း ကူးသွားတော့ လက်တွေမှာ ထွက်လာတာပေါ့။” လို့ ကလေးမိဘတစ်ဦးဖြစ်တဲ့ မရီမိန်းက ပြောပါတယ်။

ယခုဖြစ်ပွားနေတဲ့ အဖြူရောင် အစက်အပျောက်ပုံစံဟာ ဝဲနာဖြစ်ပွားတဲ့ပုံစံလို ဖြစ်ပေမယ့် ဝဲနာလိုယားယံတဲ့ လက္ခဏာတွေတော့ မဖြစ်ဘူးလို့ ဆိုပါတယ်။ တချို့မှာ ခန္ဓာကိုယ်တခုလုံး ဖြစ်ပွားနေပြီး တချို့မှာတော့ လက်နဲ့ မျက်နှာပြင်မှာ အဖြစ်များနေကြတာပါ။ တချို့ကလေးငယ်တွေမှာ မျက်နှာပြင်တစ်ခုလုံး အဖြူရောင်အကွက်တွေ ဖြစ်သွားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်က အိမ်ခြေ (၁၉၅၆) လုံး ရေနစ်မြှုပ်ပျက်စီးသွားခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်(ရှေ့ ) ပွန်ချောင်းစစ်ရှောင်စခန်းမှာ စစ်ရှောင်အမှတ် (၇) ခုရှိပြီး အိမ်ခြေ ( ၆၉၇) စု ရှိပါတယ်။ အရေပြားပေါ် အဖြူရောင်အစက်အပျောက်ဖြစ်ပွားတဲ့ စစ်ရှောင်စခန်းမှာတော့ လူဦးရေ ငါးရာကျော် နေထိုင်ကြပါတယ်။

spot_img
spot_img
spot_img

Recent posts