ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့အခြေပြုကျောင်းတွေမှာ ၂၀၂၄-၂၀၂၅ စာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့စာရင်းဟာ ပြီးခဲ့တဲ့နှစ်ထက် ၁၀ ရာခိုင်နှုန်းကျော် ပိုများလာတယ်လို့ ဒီးမော့ဆိုမြို့ ပညာရေးဘုတ်အဖွဲ့ထံကနေ သိရှိရပါတယ်။
” ၂၀၂၃-၂၄ ထက်တော့မနည်းဘူး ဒီနှစ်က ၂၀၂၄-၂၅ပေါ့နော။ ဘာဖြစ်လည်းဆို ၁လေးလုံးအဖွဲ့လည်း ပြန်ပါလာတယ်ပေါ့။ ၁၀ ရာခိုင်နှုန်းထက် မနည်းဘူး ပိုတိုးလာတယ်”လို့ ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့ဝင် ဆရာမတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ စာသင်နှစ်မှာ ကျောင်းသားဦးရေ ၈ ထောင်ကျော်ရှိပြီး ယခုနှစ်မှာတော့ တစ်သောင်းဝန်းကျင် ရှိလာတယ်လို့ ပညာရေးဘုတ်အဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။
တိုးလာတဲ့ ကျောင်းသားဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ ၁ လေးလုံးစစ်ဆင်ရေးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျောင်းသားတွေ အများစုဖြစ်တယ်လို့ သိရပါတယ်။
“တိုးလာတယ်ပေါ့။ ဥပမာ – သူတို့က ဟိုဘက်မှာ(စစ်ကောင်စီ စာသင်ကျောင်း) grade 10 တက်ထားတယ် grade 11 တက်ချင်တယ်ဆိုရင် သူတို့ grade 10 စာမေးပွဲပြန်ဖြေရတယ်။ သူတို့ အောင်မှဘဲ grade 11 ပေးတက်မယ် မအောင်ရင် grade 10 ပြန်တက်ခိုင်းတယ်။” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
ယခုစာသင်နှစ်တွေကို ကျေးရွာ ၊ စစ်ဘေးရှောင်စခန်းတွေမှာ ဖွင့်လှစ်နေပေမယ့် စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်း စိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကြားနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသား ၅ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ စာသင်ကျောင်းရှိရာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုလည်း မကြာခဏရှိခဲ့တာကြောင့် စာသင်ကျောင်းပျက်စီးမှုလည်း ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်အထိ ကရင်နီပြည်မှာ ပျက်စီးသွားတဲ့ စာသင်ကျောင်းပေါင်း ၂၄ ကျောင်းအထိ ရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF )က ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
” ဘယ်နေရာမှာမှ မလုံခြုံဘူးပေါ့နော။ စစ်ကောင်စီကတော့ လုပ်ချင်ရင်လုပ်တာပါပဲ။ ဒါပေမယ့် အခုကာလက ကျောင်းဖွင့်ရာသီကာလဆိုတော့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှာကို စိုးရိမ်တယ်။ စိုးရိမ်မှုရှိတဲ့ကြားက ကလေးတွေကိုတော့ ကျောင်းပို့ရတာပဲပေါ့။”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ကရင်နီတစ်ပြည်လုံးမှာ ယခု စာသင်နှစ်အတွက် ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်ထားပြီး ကျောင်းဆရာ၊ ဆရာမ ၊ကျောင်းသုံးပစ္စည်း၊ ပရိဘောဂ၊ စာသင်ကျောင်းဆောင်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။