spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် CDMမီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပြီး ပြည်သူ့အကျိုးပြု ဆောင်ရွက်သွားမည်

ကန္တာရဝတီတိုင်း(မ်)

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့ မနေ့မှာ ဒီးမော့ဆိုမြို့နယ် CDMမီးသတ်တပ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အဓိက ဆောင်ရွက်သွားမယ်လို့ ဒီးမော့ဆိုမီးသတ် တပ်ကြပ်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ CDMမီးသတ်တပ်ဖွဲ့ဝင် ကိုဂျိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့ အစွမ်းကုန်ပေါ့နော၊ ကျနော်တို့ တတ်နိုင်တဲ့ဖက်က ကျနော်တို့ ပြည်သူကို ကျနော်တို့ ပြန်ပြီးတော့ အကျိုးပြုပေးဖို့ပေါ့။ အဲ့လိုမျိုးတော့ ကျနော်တို့ သံဓိဌာန် ချထားတယ်။ ဆုံးဖြတ်ချက်ချထားတယ်ပေါ့။ အဓိက ပြည်သူကို ပြန်ကြည့်ဖို့ပါပဲ၊ ကျနော်တို့ ရည်ရွယ်ချက်ကတော့။“ လို့ CDMမီးသတ်တပ်ဖွဲ့ဝင် ကိုဂျိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် CDMမီးသတ်တပ်ဖွဲ့ မှာ CDMပြုလုပ်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင် တချို့ပါဝင်ကြပြီး လက်ရှိမှာတော့ ခန့်မှန်းခြေ လူဦးရေ (၂၀)ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။ မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး စတာတွေကိုလည်း ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေမှာ ရေရှားမှု စတင်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ရေလှူတာတွေ အဓိက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ် CDMမီးသတ်တပ်ဖွဲ့ဟာဆိုရင် လက်ရှိ ဒီးမော့ဆိုမြို့နယ်မှာသာ လက်လှမ်းမှီသလောက် ဆောင်ရွက်ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

“ ရေလှူတာကတော့ ကျနော်တို့ အခုမှ မဟုတ်ဘူးဗျ။ ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၂၁ ခြောက်လပိုင်း လောက်ကတည်းကကို ကျနော်တို့ လှူနေတာပေါ့နော။ ဒီးမော့ဆို အရှေ့ခြမ်း နောက်ခြမ်း ပေါ့ အဲ့လို ခွဲထားတာပေါ့ နှစ်ဖွဲ့။ ရှေ့ဖက်ခြမ်း တစ်ဖွဲ့လှူတယ်။ နောက်ဖက်ခြမ်းတစ်ဖွဲ့လှူတယ် အဲ့လိုပေါ့။ “

စစ်ရှောင်စခန်းတွေလည်း များတဲ့အတွက် တစ်ပတ်တစ်ကြိမ်လောက်သာ လှူပေးနိုင်တာတွေရှိပြီး တခြားပရဟိတအသင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့လည်း ရှိတယ်လို့ ဆက်ပြောပါတယ်။

ကယားပြည်နယ် မီးသတ်တပ်ဖွဲ့ဟာဆိုရင် (၁၂-၂-၂၀၂၁)ကစပြီး အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ စတင်ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် CDMမီးသတ်တပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ မြန်မာနိုင်ငံဆိုင်ရာ CDMမီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပရဟိတအသင်းတွေ၊ NGOs, INGOs စတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img