ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာရှိတဲ့ စစ်ရေးအရ အရေးပါတဲ့ မြေတွေကို အကွက်ရိုက် ရောင်းချမှုတွေမလုပ်ဖို့ စည်းကမ်းချက်တွေအပါအဝင် တခြားသောစည်းကမ်းချက်တွေကို ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက အများပြည်သူလိုက်နာဖို့အတွက် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ အဆိုပါစည်းကမ်းချက်တွေကို အသိပေးတဲ့အနေနဲ့ မြို့ရဲ့လမ်းဆုံလမ်းခွနေရာတွေ မြို့ပေါ်ရပ်ကွက်တွေမှာ အသိပေးစာတွေကို သွားရောက်ကပ်ထားခဲ့ပါတယ်။
စည်းကမ်းချက်တွေမှာတော့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကားတာ၊ လောင်းကစားပြုလုပ်တာတွေကို တားမြစ်ထားတဲ့အပြင် ပြည်သူ့အိုးအိမ်ပစ္စည်းတွေ၊ စျေးဆိုင်တွေ၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေ၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း နဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေ ၊ မြို့မစျေးအဆောက်အဦးရဲ့ ပစ္စည်းတွေကို ခိုးယူရောင်းချတာတွေကိုလည်း တားမြစ်ထားပါတယ်။
ဒါ့အပြင် စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာ မြေကွက်ဖော်၊ အကွက်ရိုက်ရောင်းချတာတွေကို မပြုလုပ်ကြဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
“စည်ကမ်းချက် ကတော့ ကျနော်တို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နဲ့ ကျနော်တို့ အုပ်ချုပ်ရေး အဖွဲ့ နဲ့ ပူးပေါင်းပြီးတော့၊ ဒီးမော့ဆိုမြို့ပေါ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် ကျနော်တို့ စည်းကမ်းချက်ထုတ်ပြီး လိုက်ကပ်ရခြင်းဖြစ်တယ်။” လို့ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ ယာယီအုပ်ချုပ်ရေးကာင်စီ ဥက္ကဌက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်ဟာ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ မေလကတည်းက စတင်တဲ့ တိုက်ပွဲတွေကြား ပြည်သူအိုးအိမ်တွေ ထိခိုက်ပျက်စီးတာ၊ ပျောက်ရှတာတွေရှိခဲ့ပေမယ့်လည်း ကျန်ရှိနေတဲ့ အဆောက်အဦးတွေ၊ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ ပစ္စည်းတွေ၊ ပြည်သူပိုင်ပစ္စည်းတွေကို ပြန်လည် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့အတွက် အခုလို ဖွဲ့စည်းရခြင်းဖြစ်တယ် လို့ ယာယီအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ပြောပါတယ်။
” ကျနော်တို့ ဒီမြို့ကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဒါက အဓိကရည်ရွယ်ချက်ပေါ့။” လို့ ဥက္ကဌ က ဆိုပါတယ်။
ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီ ကို ဒီးမော့ဆိုမြို့နယ်ထဲက မြို့မ ကျေးရွာအုပ်စု၊ ဒီကျေး/ ကျေးရွာအုပ်စုနဲ့ ငွေတောင်ကျေးရွာအုပ်စုက ဒေသခံတွေနဲ့ စုဖွဲ့ထားပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ က ယာယီဖွဲ့စည်းပေးထားတယ်လို့ သိရပါတယ်။