spot_imgspot_imgspot_imgspot_img
Thursday, December 12, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့ နယ်၊ ခေါက်ပလော့ကျေးရွာမှာ အရပ်သားတစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဒီးမော့ဆိုမြို့နယ် ၊ ခေါက်ပလော့ကျေးရွာက နေအိမ်တစ်အိမ်မှာ ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့က အရပ်သားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြေမြုပ်မိုင်းနင်းမိသူဟာ ခေါက်ပလော့ရွာခံ ဇော်ဇော်ဖြစ်ပြီး ၁၄ မိုင်းကို နင်းမိတာဖြစ်ပါတယ်။ မိုင်းနင်းမိတာကြောင့် ဘယ်ခြေတစ်ဖက် ပေါင်အထိ ဖြတ်ထုတ်လိုက်ရတဲ့အပြင် လက်မှာလည်း စတီးတပ်ထားရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။

“ခြေထောက်ပေါင်နားအထိ ဖြတ်လိုက်ရတယ်။ ဘယ်ဘက်ခြေတောက်နဲ့ ဘယ်ဘက်လက်ပေါ့နော။ ဘယ်ဘက်လက်က စတီးထည့်လိုက်ရတယ်။ အခုထိတော့ စိုးရိမ်ရသေးတယ်ပေါ့။ အဲဒါကြောင့် သူတို့အရေးပေါ်အခန်းထဲမှာပဲ ထားသေးတယ်။” လို့ ဇော်ဇော်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ဇော်ဇော်ဟာ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မိသားစုတစ်စုက ဇာတိဖြစ်တဲ့ ခေါက်ပလော့ကျေးရွာမှာ ကျန်ရစ်တဲ့ ထင်းတွေကို ပြန်လာသယ်ယူချိန် လာကူညီရင်း နေ့လည် ၁၁ နာရီဝန်းကျင်အချိန်မှာ မြေမြုပ်မိုင်းနင်းမိသွားတာပါ။

မိုင်းနင်းမိတဲ့အချိန် အနီးအနားမှာရှိနေခဲ့သူတစ်ဦးလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထင်းပြန်သယ်ယူသူတစ်ဦးက ပြောပြပါတယ်။

” ကျနော့်အကိုဝမ်းကွဲတို့ထင်းပြန်လာသယ်တာ နောက်ပြီးတော့ သူ( ဇော်ဇော် )ကလာကြည့်တာနဲ့ သူလာနင်းသွားတယ်။ တခြားလူတော့ မထိဘူး။ သူတို့နှစ်ယောက်ပဲထိသွားတာ။ ကျနော်အကို ဝမ်းကွဲက ခေါင်းထိထားတယ်။ လက်ထိထားတယ်။ ကျနော့်အကိုဝမ်းကွဲတော့ ဆေးရုံတက်စရာမလိုဘူး။ သူက အစပဲထိထားတယ်။” လို့ သူက ပြောပြပါတယ်။

ဒီးမော့ဆိုမြို့ ၊ ခေါက်ပလော့ကျေးရွာမှာ စစ်ကောင်စီတပ်စွဲချိန်က မြေမြုပ်မိုင်းအများအပြားကို ထောင်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ လမ်းတွေမှာသာ မိုင်းရှင်းလင်းရေးပြုလုပ်နိုင်သေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ ဒေသခံတွေရဲ့ နေအိမ်မှာတော့ ရှင်းလင်းရေးမပြုလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့စာရင်းအရ စစ်ပဋိပက္ခတွေကြား မြေမြုပ်မိုင်းကြောင့်ထိခိုက်တဲ့ အရပ်သား ၃၅ ဦးထက်မနည်းရှိနေပြီး ၂ ဦးကတော့ သေဆုံးသွားတယ်လို့ ကန္တာရဝတီတိုင်း( မ် ) ကို‌ ပြီးခဲ့တဲ့ မေလမှာ ဖြေကြားထားပါတယ်။

spot_img
spot_img
spot_img

Recent posts