spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို(ရှေ့ )မြို့နယ်တွင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို (ရှေ့ )မြို့နယ်အတွင်းမှာ ည (၇) နာရီမှ မနက် (၅)နာရီ အတွင်း မိဘပြည်သူ လူထုများ ခရီးသွားလာခြင်း မပြုလုပ်ကြပါဖို့ မြို့နယ်အုပ်ချုပ်ရေးကောင်စီက ဇန်နဝါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။

ညဖက်တွေမှာ သွားလာတဲ့ ဆိုင်ကယ်၊ ကား မီးအလင်းတွေကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်လာတာတွေရှိနေတာကြောင့် အသွားအလာ ကန့်သတ်ထားပေးဖို့ကို ပြည်သူလူထုဘက်က တောင်းဆိုလာတဲ့အတွက် အခုလို စာထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဒီးမော့ဆို(ရှေ့ ) မြို့နယ် အတွင်းရေးမှုးတစ်ဦးက ပြောပါတယ်။

“အဓိကတော့ လူထုတွေရဲ့ လုံခြုံရေးအတွက်ပဲပေါ့နော်။ ညအချိန်မတော် သွားလာတော့ ဆိုင်ကယ်မီးတွေ ၊ ကားမီးတွေ ကြောင့် စကစ ဘက်က လက်နက်ကြီးတွေ ထုလာတာတွေရှိတယ်။ အဲ့အတွက်ကြောင့် ညအချိန်ကို အသွားအလာ ကန့်သတ်ထားပေးဖို့ လူထုတွေရဲ့ တောင်းဆိုချက်ကြောင့် ဒီစာကိုထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ ဒီးမော့ဆို (ရှေ့ ) မြို့နယ် အတွင်းရေးမှုးတစ်ဦးက ပြောပါတယ်။

အရေးပေါ် ကိစ္စရပ်များ ပေါ်ပေါက်လာပါက မဖြစ်မနေ သက်ဆိုင်ရာကို အကြောင်းကြားပြီးမှ သွားလာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သွားလာခွင့်ကန့်သတ်လိုက်ခြင်းနဲ့ပတ်သက်ပြီး ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“ညီမ အနေနဲ့ကျတော့ အဲ့လို အမိန့်ထုတ်ပြန်လိုက်တာက ကောင်းတယ်လို့ မြင်ပါတယ် ။ ဘာလို့လဲဆိုရင် အခုနောက်ပိုင်း ညဘက်တွေမှာ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေ တအားဖြစ်ပေါ်လာတယ်။ အဓိကကတော့ လူထုတွေကို အကုန် အသိပေးဖို့ လိုမယ်ပေါ့နော်။ တချို့ဆို မသိပဲနဲ့ သွားလာမိလိုက်တာတို့ ရှိနိုင်တယ်လေ” လို့ ပြောပါတယ်။

အရေးပေါ်ကိစ္စများအား အကြောင်းမကြားဘဲ ကန့်သတ်ချိန်အတွင်း သွားလာပါက မော်တော်ဆိုင်ကယ် ၁ စီးကို ၅၀,၀၀၀ ( ငါးသောင်းကျပ်) ၊ ကားတစ်စီးကို ၁၀၀,၀၀၀ (တစ်သိန်း ) ကျပ် ဒဏ်ငွေပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရရှိလာတဲ့ ဒဏ်ငွေတွေကို ဒီးမော့ဆို (ရှေ့ ) မြို့နယ်မှာ ရှိတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဗျူဟာအမှတ် (၆) ဆီမှာ အပ်နှံထားပြီး တပ်ရင်းတပ်ဖွဲ့တွေရဲ့ လိုအပ်တဲ့အပိုင်းတွေမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img