ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ ယင်းဘော် လူမျိုးစုတွေရဲ့ (၄၃)ကြိမ်မြောက် ရိုးရာ တံခွန်တိုင်ပွဲတော်ကို ဒီကနေ့ (ဧပြီလ ၁၈ ရက်)မှာ ကျင်းပခဲ့ပါတယ်။
” အဓိက မိုးလေဝသ မှန်ကန်စေဖို့ ဆန်၊ ရေ၊ စပါး ပေါများစေဖို့၊ ရောဂါဘယ ကင်းဝေးစေဖို့၊ နောက်ပြီးတော့မှ ပြည်သူလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့ အတွက် ကျနော်တို့နှစ်စဉ် နှစ်တိုင်းကျင်းပရခြင်းဖြစ်တယ်။” လို့ ယင်းဘော်လူမျိုးစုရဲ့ ဥက္ကဌ ဦးဖိုးရီက ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
နိုင်ငံရေး အခြေနေမတည်ငြိမ်မှုတွေကြားမှာ ခုလိုကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့လည်း သူကဆိုပါတယ်။
“အခုလို အရှုပ်အရှင်းရှိတဲ့ကြားထဲကနေ ရိုးရာတံခွန်တိုင်ပွဲကို ကျင်းပနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျနော်တို့ မမျှော်လင့်ဘဲနဲ့ အကျဉ်းချုပ်ပြီးတော့မှ ကျင်းပခွင့်ရတဲ့အတွက်လည်း အင်မတန်မှ ကျေးဇူးတင်ပါတယ်၊ ဝမ်းလဲဝမ်းသာတယ်၊ ဂုဏ်လဲယူပါတယ်။” လို့ ယင်းဘော် လူမျိုးစုရဲ့ ဥက္ကဌ ဦးဖိုးရီက ဆိုပါတယ်။
မျိုးဆက်သစ်လူငယ်တွေကိုလည်း လူမျိုးစုရဲ့ ရိုးရာ ဓလေ့တွေကို ပျောက်ပျက်မသွားအောင် ဆက်လက်ထိန်းသိမ်းကြဖို့ သူက ဖြည့်စွက်ပြောပါတယ်။
ပွဲတော်ကို ဧပြီလ ၁၇ ရက်နေ့မှာ စတင်ကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာတော့ တံခွန်တိုင်တော် သစ်စိုက်ထူတဲ့ အခမ်းအနားကိုပြုလုပ်ခဲ့ကြပြီး ရိုးရာအကတွေနဲ့ ကခုန်တာတွေ၊ ကြက်ရိုးထိုးပြီး ပူဇော်ပသမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ပွဲအခမ်းအနားကို အနီးအနားမှာရှိတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေလည်း လာရောက်ပါဝင်ခဲ့ပြီး အခမ်းအနားကို လူဦးရေ ၅၀၀ ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။