spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်းမှာ စိုက်ပျိုးရေးသုံး ပစ္စည်းတချို့ ပုံမှန်ထက် ဈေးပိုတက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကုန်ပစ္စည်းတွေ ဝင်လာတဲ့လမ်းကြောင်းက တစ်ပတ်ကျော်ကြာတဲ့အထိ လမ်းပိတ်နေတာကြောင့် စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ပစ္စည်းတချို့ ပုံမှန်ထက် ဈေးပိုတက်နေတယ်လို့ စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းရောင်းဝယ်နေသူတွေက ပြောပါတယ်။

ကုန်ပစ္စည်းဈေးနှုန်းကို မူရင်းဈေးတက် ၁၀၀၀၀ ကျပ်အထိ ဈေးပိုပေးပြီး ဝယ်ယူနေရတယ်လို့ ဝယ်သူသူတစ်ဦးက ပြောပါတယ်။

” မြေသြဇာကျတော့ ကီလိုတော့ ပြည့်ပါတယ်။ ပြောင်းဖူးခါကျတော့ တစ်မျိုးနှစ်မျိုးရှိတာပေါ့ တစ်သိန်းလေးသောင်းခွဲရှိမယ် တစ်သိန်းတန်လည်းရှိတယ်။ ပိဿာနဲ့ကျတော့ တစ်ပိဿာ တစ်သောင်းခုနှစ်ထောင် အဲ့လိုမျိုး စျေးတက်နေတယ်”လို့ သူက ဆိုပါတယ်။

တောင်ငူကနေ ဝင်လာမယ့် လမ်းကြောင်းပိတ်ဆို့နေတာကြောင့် ဒီးမော့ဆိုအနောက်ခြမ်းမှာ ကုန်ပစ္စည်းမဝင်တာ တစ်ပတ်ကျော်ကြာမြှင့်နေပြီလို့လည်း ပြောပါတယ်။ လက်ရှိ စိုက်ပျိုးရာသီကာလရောက်နေတာကြောင့် လိုအပ်တဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို တောင်သူတွေက လိုက်လံရှာဝယ်နေရတယ်လို့ ဆိုပါတယ်။

“ကုန်ပစ္စည်းမဝင်လာတာ တစ်ပတ်ကျော်ကျော်လောက်ရှိပြီ။ ဝင်လာရင်လည်း ဒီတစ်လမ်းပဲ ရှိတာကော။ ကုန်ပစ္စည်းဝင်ဖို့ ခက်နေတယ်၊ မိုးလည်းရောက်တော့မယ်ဆို ပိုဆိုးမယ်”လို့ စိုက်ပျိုးရေးသုံး ပစ္စည်း ရောင်းသူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပြောင်းမျိုးစေ့တွေပါ သိသိသာသာ ဈေးတက်နေတယ်လို့ ချယ်ရီကုန်းဈေးတန်းက မြေသြဇာရောင်းဝယ်ရေးဆိုင်ပိုင်ရှင် တစ်ဦးကလည်း ပြောပါတယ်။

“မြေသြဇာ စျေးတက်နေတယ်။ ကားခနဲ့ ကိုယ့်အတွက်လည်း ရောင်းရဆိုတော့ စျေးတက်တာပေါ့။ ပြီးတော့ စျေးတက်တယ်ဆိုတာထက် မရှိတာလည်းပါတယ် ကုန်ပစ္စည်းမဝင်တော့ မရှိတော့ဘူးပေါ့”လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ ပြောင်းမျိုးစေ့ တစ်ပိဿာကို ၁၇၀၀၀ ကျပ်၊ ပြောင်းတစ်အိတ်ကို တစ်သိန်းကနေ တစ်သိန်းခွဲဝန်းကျင်အထိ ဈေးနှုန်းရှိပါတယ်။ မြေသြဇာ မြားကမ္ဘာ တစ်အိတ်ကို ၁၄၀၀၀၀ ကျပ်၊ စိုက်ပျိုးရေးအတွက် အသုံးများတဲ့ အာမို ပေါင်းသတ်ဆေးလည်း ၄၃၀၀၀ ကျပ်အထိ စျေးရှိနေပြီး လမ်းပိတ်တဲ့ တစ်ပတ်အတွင်း ၁ သောင်းကျပ် အထိ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ဈေးတက်နေတာပါ။

ဒီးမော့ဆိုအနောက်ခြမ်းမှာတော့ စိုက်ပျိုးရေးသုံးပစ္စည်းအပြင် အိမ်ဆောက်ပစ္စည်း နဲ့ တခြားသော ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်တချို့လည်း ဈေးတက်နေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts