spot_imgspot_imgspot_imgspot_img
Monday, July 22, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတချို့မှာ ရေရှားမှုတွေ စတင်ကြုံတွေ့နေရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ စလောင်း စစ်ရှောင်စခန်းမှာ ရေရှားတဲ့ပြဿနာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းကကြုံတွေ့နေရပြီး လက်ရှိမှာ ရေကို ဝယ်ယူသုံးစွဲနေကြရတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

ရေကိုဝယ်ယူသုံးစွဲတဲ့နေရာမှာလည်း တစ်ယူနစ်ကို ၂၅၀၀ ကျပ်နဲ့ ဝယ်ယူရပြီး နှစ်အိမ်ပေါင်းမှ တစ်ယူနစ်သာ ရောင်းချပေးတယ်လို့ စလောင်း စစ်ရှောင်စခန်းကော်မတီဝင် ဦးဆန်းဘွန်းက ပြောပါတယ်။

“အခုကျတော့ ကျနော်တို့ရေနဲ့ပတ်သက်လာတဲ့ ခါကျတော့ ကျနော်တို့ တတ်နိုင်သရွေ့တော့ လုပ်ပေးတယ်။ ဒါပေမယ့် ကျနော်တို့က ဘယ်လိုပြောရမလဲ ဆိုတဲ့ခါကျတော့ တစ်မိသားစုကို တစ်ယူနစ်တော့ ကျနော်တို့ မပေးနိုင်သေးဘူး။ ဥပမာက ကျနော်တို့က နှစ်မိသားစုမှ ကျနော်တို့ တစ်ယူနစ်ပဲပေးနိုင်တယ်။ တစ်ယူနစ်ကို သူတို့က ၂၅၀၀ နှုန်းနဲ့ ပြန်ဝယ်တယ်။” လို့ ဦးဆန်းဘွန်းက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ရေရှားလာတဲ့အပြင် ရေအလှူရှင်လည်းမရှိသေးတဲ့အတွက် စစ်ရှောင်တွေအခက်ကြုံနေရတယ်လို့ စလောင်း စစ်ရှောင် စခန်းမှာ နေထိုင်တဲ့ ဦးအောင်တင်ဦးက ပြောပါတယ်။

“ကျနော်တို့ရေရှားတဲ့ပြသာနာကျတော့ ဦးလေးအနေနဲ့ ဆင်းလည်းဆင်းရဲကြတော့ ကျနော်တို့ ဒီစခန်းကော်မတီတို့က စီစဉ်ပေးတဲ့ ရေပေးဝေမှုနဲ့ပဲ ကျနော်တို့ တစ်ယူနစ်ကိုကျနော်တို့ ၂၅၀၀ကျပ် နဲ့ ပေးဝယ်ပြီးတော့ ဝယ်နေရတယ်။ ဒါပေမယ့် ဦးလေးတို့က ရေခွဲဝေရတဲ့ နေရာမှာ ခါတိုင်းလိုမျိုး မဝယ်နိုင်ဘူးပေါ့နော။ ဘာဖြစ်လည်းဆို တချို့က ဝယ်နိုင်တဲ့လူပဲ ဦးလေးတို့ မဝယ်နိုင်တဲ့လူတောင်မှ ခွဲပြီးတော့ ခွဲမျှပြီးတော့ ပြန်ပေးသုံးတာလည်း အဲ့လိုမျိုးပဲဖြေရှင်းကြတယ်။” လို့ ဦးအောင်တင်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ အိမ်ခြေ ၉၁အိမ်ရှိပြီး လူဦးရေ ၄၀၀ကျော်ရှိနေပါတယ်။ ရေရှားလာတဲ့အတွက်ကြောင့် စစ်ရှောင်စခန်းမှာ ယားယံမှုတွေလည်းဖြစ်ပေါ်လာတယ်လို့ စလောင်းစစ်ရှောင်စခန်းကော်မတီဝင် ဦးဆန်းဘွန်းက ပြောပါတယ်။

“ရေရှားမှုကြောင့် တကိုယ်ရေသန့်ရှင်းရေးမလုပ်နိုင်တဲ့ခါကြတော့ ယားနာတွေ ပေါ်လာတာပေါ့။ အဲ့တော့ ကျနော်တို့ ဒီယားနာအခက်ခဲမှုကိုလည်း ကြုံတွေ့နေရတာပေါ့။ ဒီမှာ လက်ရှိကတော့ တစ်အိမ် နှစ်အိမ်တော့ ကြုံတွေ့နေရတယ်ပေါ့။ အဲ့တော့ တကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ခါ ရေရှားပါးမှုဖြစ်တဲ့အတွက်ကြောင့်ပေါ့။ အဲ့တော့ ကျန်းမာရေးထဲမှာတော့ ပြန်ကြည့်တဲ့ခါကြတော့ အဲ့ဒီယားနာမှုတစ်ခုတော့ ပိုထွက်လာတယ်။” လို့ ဦးဆန်းဘွန်းက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရေရှားတဲ့ဒဏ်ကို ယခင်နှစ်ကတည်းက ကြုံတွေ့ခဲ့ရပြီး ရေထွက်ကောင်းတဲ့နေရာတွေလည်းမရှိတဲ့အတွက် မိုးရေကိုသာ အဓိက အားကိုးနေကြရတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

ကရင်နီပြည်မှာဆိုရင် နွေရာသီမှာ ရေရှားတဲ့ ပြဿနာကို နှစ်စဉ်ကြုံတွေ့နေကြရတာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်စခန်းတချို့နေရာတွေနဲ့ ကျေးရွာတချို့တွေမှာ ရေရှားပါးမှု ကို စတင်ကြုံတွေ့လာနေရတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts