CJ/ ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖွံဘော်ခွတ်မြို့နယ်၊ ဒေလကြိုကျေးရွာမှာ ဇွန်လအတွင်းက ဖျားနာပြီး ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များနေကြတယ်လို့ ကျန်းမာရေး ဦးစီးအရာရှိ က ပြောပါတယ်။
“စစခြင်း ထဖြစ်တာကတော့ အသက် ၁၁ နှစ် မှ ၁၈ ကြားဖြစ်တယ်။ နောက်ပိုင်းကတော့ ၅ နှစ်အောက်ရော သက်ကြီးပိုင်း၊ သက်လတ်ပိုင်းတွေ အကုန်ဖြစ်လာတယ်။” လို့ အဆိုပါ ကျန်းမာရေး ဦးစီးအရာရှိ က ပြောပါတယ်။
အဆောင်နေ ကျောင်းသူ၊ ကျောင်းသားတွေကနေ စဖြစ်ကြပြီး စစ်ရှောင်နဲ့ ရွာခံတွေ ထပ်ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သက်သာသွားတဲ့သူတချို့ရှိပေမယ့် အများစုကတော့ ဖြစ်ပွားနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
“ဖြစ်များတဲ့လက္ခဏာတွေကတော့ အဖျားကြီး၊ဝမ်းသွား၊ ဗိုက်နာ၊ ခေါင်းကိုက်၊ တချို့ကသွေးပါ။ တချို့က အန်တယ်” လို့ ကျန်းမာရေး ဦးစီးအရာရှိ က ဆက်ပြောပါတယ်။
ဖြစ်သွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာလဲ ဖြစ်ပွားနေကြဆဲ ဖြစ်ပြီးနွေဦးကျန်းမာ ဆရာဝန်များနဲ့ ကုသမှုပေးကာ ဓတ်ဆားအပြင် ဝမ်းပျက်ဝမ်းလျှောနဲ့ သက်ဆိုင်တဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ အဆိုပါ ကျန်းမာရေး ဦးစီးအရာရှိ က ပြောပါတယ်။
ဒေလကြိုကျေးရွာမှာ ဒေသခံ ၂၀၅ဦး၊ စစ်ရှောင် ၄၃၄ ဦး၊ အဆောင်နေ ကျောင်းသူ/ကျောင်းသား ဦးရေ ၁၀၀ ကျော် နေထိုင်ကြပါတယ်။