ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်၊ ဒေလကြိုအုပ်စုအတွင်းရှိ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာသုံးရွာကလူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုရနိုင်ဖို့အတွက် ကျေးလက်ဆေးပေးခန်းတစ်ခု ရရှိဖို့ မျှော်လင့်နေကြပါတယ်။
အဆိုပါ ကျေးရွာ ၃ ရွာကတော့ ကိုစို၊ ဟန်စောခူ၊ ကိုကွေ ကျေးရွာဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့နေရာမှာ တည်ရှိတာကြောင့် အရေးပေါ်လူနာအတွက် ဆေးခန်းမရှိပါက အခက်တွေ့တယ်လို့ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျန်းမာရေးမှူးတစ်ဦးက ပြောပါတယ်။
“ကျန်းမာရေးကတော့ ခုနပြောတဲ့နေရာ ဆေးခန်းကျဖို့ပါ။ ဆေးခန်းလေးရှိတော့ ပိုအဆင်ပြေမယ်လို့ထင်တယ်။ ဆေးခန်းတလုံးစာ ပြီးတော့ ဆေးဝါး ဆက်စပ်ပစွည်း ဆရာမတစ်ယောက်လေးရှိတော့ မဆိုးဘူးပေါ့နော်။ ကျမတို့အတွက်လည်း အဆင်ပြေသလို ပြည်သူတွေအတွက်လည်း ပိုအဆင်ပြေတာပေါ့။”လို့ သူက ပြောပါတယ်။
ဒေလကြိုအုပ်စုထဲက ကျေးရွာတချို့မှာတော့ ဆေးပေးခန်းရှိပေမယ့် ဝေးလံခေါင်ဖျားတဲ့ ကျေးရွာက လူထုအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာအပြင် သွားလာဖို့ ကား၊ ဆိုင်ကယ် မရှိတာကြောင့် အခက်တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်းတဲ့အချိန်ကာတွေမှာလည်း မြေပြိုတာ၊ လမ်းပြိုတာတွေ ဖြစ်တာကြောင့် အရေးပေါ်လူနာအတွက် သွားလာရေး အခက်အခဲရှိတယ်လို့ ပြောပါတယ်။
“ဆေးခန်းတော့မရှိဘူး။ ဆေးခန်းနဲ့ပတ်သက်ပြီးတော့ လမ်းပတ်ဆက်သွယ်ရေး က မိုးရွာရင်လည်းအခက်ခဲဖြစ်တယ်။ ဆေးခန်းသွားရဖို့လည်း သိပ်ခက်ခဲတယ် အမျိုးမျိုးတွေ ကြုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကယ်ငှားရမှာနဲ့ ပိုက်ဆံလည်းလိုတယ် လူလည်းငှားရသေးတယ် အဲ့လိုဖြစ်တော့ ကုန်ကျစရိတ်တွေ တအားများတယ်။ ဖြစ်နိုင်ရင်တော့ အရင်ကတင်ပြထားတဲ့ဟာတွေကို အုပ်စုအတိုင်းအတာတွေနဲ့ပေါ့ ဖြစ်နိုင်ရင်တော့ ကိုကွေမှာ ဆေးခန်းတစ်လုံးဆောက်မယ်လို့ ပြောထားကြတယ်။” လို့ ဒေလကြိုအုပ်စုအတွင်းက ရွာအစွန်ဆုံးဖြစ်တဲ့ ကိုစိုကျေးရွာက ဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ်။
လက်ရှိမိုးရာသီကာလဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်ဖို့ ၊ ကုသဖို့ လိုအပ်လာတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးက ပိုအခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။ အဆိုပါဒေသမှာအတွင်းကိုသွားလာဖို့ဆိုရင် နွေရာသီကာလမှသာ ကား၊ ဆိုင်ကယ် နဲ့ သွားလာလို့ အဆင်ပြေတာပါ။ လိုအပ်တဲ့ ဆေးခန်းကိုတော့ ကိုကွေကျေးရွာမှာ ထားရှိဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
“ကျနော်တို့ထက် ဝေးတဲ့ ရွာ ၂ ရွာရှိတယ် ဟန်စောခူ နဲ့ ကိုစိုရွာရှိတယ်။ ဒီမှာအလယ်ဗဟိုအနေနဲ့ဆောက်လိုက်ရင်တော့ သူတို့အတွက်လည်း အဆင်ပြေသွားတာပေါ့။ ဒေါလာစောအထိ သွားစရာမလိုတော့ဘူး။ တတ်နိုင်ရင် အမြန်ဆုံး ဆောင်ရွက်ရင် အဆင်ပြေတယ်။ ဘာလို့လဲဆို ဖျားနာတာက ပြောလို့မရဘူးလေ။” ကိုကွေကျေးရွာ ဥက္ကဌ အီဇားကိုနေဝင်းက အခုလို ပြောပါတယ်။
ဒေလကြိုအုပ်စုအတွင်းက ဆေးခန်းမရှိတဲ့ ကျေးရွာတွေမှာ တစ်လတစ်ခါ (သို့မဟုတ်) နှစ်လတစ်ခါ နယ်လှည့်ဆေးကုသတဲ့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့က လာရောက်ကုသမှုပေးတယ်လို့ သိရပါတယ်။ ကျေးရွာအတွင်းက နာမကျန်းတဲ့သူရှိပါက တခြားကျေးရွာက ကျန်းမာရေးဆရာ၊ ဆရာမကို သွားခေါ်တာ၊ ဆေးသွားယူတာ စသဖြင့် ဒေသခံတွေက လုပ်ဆောင်ကြရတယ်လို့ ဆိုပါတယ်။
အဆိုပါကျေးရွာသုံးရွာမှာတော့ ဒေသခံအပါအဝင် ဖရူဆိုမြို့ပေါ်ကနေ စစ်ဘေးရှောင်လာတဲ့ စစ်ရှောင်တွေနဲ့ တခြားမြို့နယ်က စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြပြီး လူဦးရေ ၇၀၀ ကျော်ရှိတယ်လို့ သိရှိရပါတယ်။