spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့စပါးတွေကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့ စပါးရိတ်ချွေစက်နဲ့ ရိတ်သိမ်းသယ်ယူသွားကြ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

တိုက်ပွဲဖြစ်ပွားနေတဲ့ ပင်လောင်း-ဖယ်ခုံမြို့ နယ်စပ်ဖက်က ကျေးရွာတချို့မှာ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့စပါးတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့က စပါးရိတ်ချွေစက်နဲ့ လာရောက်ရိတ်သိမ်းသယ်ယူသွားကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တို့က ရိတ်သိမ်းသယ်ယူသွားတဲ့ဖြစ်စဥ်ကို မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်ကို စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားတစ်ဦးက နိုဝင်ဘာလ ၄ရက်နေ့ ရက်စွဲနဲ့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုဖော်ပြထားပါတယ်။

“ ဟိုဝိုး ဗန်းမောက် ဆောင်လန်ဖက်တစ်ကြောက ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်စပါးတွေကို PNOနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့ဖက်က ရိတ်ချွေစက်၄စီးနဲ့ ပြည်သူစပါးတွေကို ရိတ်ချွေယူပြီး ပင်လောင်းလမ်းအတိုင်း သယ်ယူသွားတယ်။”လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့ စပါးရိတ်သိမ်းသယ်ယူသွားတဲ့ ကျေးရွာက ဒေသခံတွေဟာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရပါတယ်။ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့လယ်စပါး ဧကထောင်နဲ့ ချီရှိပြီး ၃ပုံ၁ပုံလောက်သာ ရိတ်သိမ်းပြီးစီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပင်လောင်း-ဖယ်ခုံမြို့ နယ်စပ်က ကျေးရွာတွေနဲ့ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ကြာမြှင့်နေပြီး မရိတ်သိမ်းရသေးတဲ့ ဒေသခံတွေရဲ့ စပါး၊ နေအိမ်ကပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းတပ်က ယူဆောင်သွားသလို နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အခုလို ပြောပါတယ်။

“ဒီလိုဖြစ်စဉ်မျိုးကလည်း ဆီဆိုင်မြို့သိမ်းတိုက်ပွဲတုန်းကလည်း ဖြစ်ပွားခဲ့သလို ဆီဆိုင်မြို့တောင်ဘက်တုန်းကလည်း ဖြစ်ပွားနေတယ်။ပင်လောင်းတောင်ဘက် ဆောင်းပြောင်းတုန်းကလည်း ဒီလိုဖြစ်စဉ် တောက်လျှောက်ဖြစ်ဖူးတယ်။”လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နယ်မြေ အများစုကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်က နေရာယူထားတာရှိပြီး နေအိမ်ပြန်ကြည့်လို့မရတဲ့ ဒေသခံတွေဟာ ပစ္စည်းယူဆောင်လို့မရသလို အခြေအနေအသေးစိတ်ကိုလည်း မသိရှိရဘူးလို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့(စကစ) အဲ့လိုတွေ လာရိတ်သိမ်း သယ်ယူသွားတာတော့ သတင်းကြားသိတယ်လေ။ လကုန်ခါနီးမှာ စတာ။ ၃/၄ရက်ရှိပြီပေါ့။ ဘယ်လောက်လာရိတ်သိမ်း သယ်ယူသွားကြလဲဆိုတာတော့ အတိအကျ ဘယ်သူမှ အချက်အလက်မယူရဲဘူးထင်တယ်။ ဘာလို့ဆို အဲ့နေရာတွေက သူတို့ (စကစ နဲ့ PNO ပူးပေါင်းတပ်) နေရာယူထားတယ်လေ။”လို့ သူက ပြောပါတယ်။

ရိတ်သိမ်းပြီးသွားတဲ့ စပါးကို ပြန်လာသယ်ယူကြတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ နှစ်စဉ် ရိတ်သိမ်းကာလအတွင်း ဖယ်ခုံ ၊ ပင်လောင်း ဖက်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ယာစိုက်ခင်းတွေမှာ လက်နက်ကြီးထိမှန်သေဆုံးမှုတွေ ရှိခဲ့ဖူးတာကြောင့် ဒေသခံတွေဟာ စပါးရိတ်သိမ်းနိုင်ဖို့ စိုးရိမ်ထိတ်လန့်နေကြရသလို မရိတ်သိမ်းနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ရသူလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts