spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ဒေါနိုးကူးစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရပြည့်ဝတဲ့ အစားအစာကို မစားသုံးနိုင်တာကြောင့် ကလေးအာဟာရချို့တဲ့မှာ စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရပြည့်ဝတဲ့ အစားအစာကို လုံလောက်စွာ မစားသုံးနိုင်တာကြောင့် မွေးဖွားလာမယ့် ကလေးတွေ အာဟာရချို့တဲ့မှာကို စိုးရိမ်မှုရှိကြတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ အလှူရှင်ရဲ့ ထောက်ပံ့ကူညီမှုတွေကိုသာ မှီခိုအားထားနေရတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဝင်ငွေရ အလုပ်အကိုင်မရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အသား ၊ ငါး နဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မဝယ်နိုင်ကြဘူးလို့ ဆိုပါတယ်။

“အာဟာရမှုန့် က ကျန်းမာရေးအဖွဲ့က ပေးတာပေါ့နော်။ အာဟာရ အတွက်က ပိုက်ဆံမရှိရင် ဝယ်လို့မရဘူးပေါ့ ပိုက်ဆံရှိရင် ဝယ်နိုင် စားနိုင်တာပေါ့နော်။ အစာအာဟာရက အရေးကြီးတာပေါ့ အလိုအပ်ဆုံးဆိုပေမယ့် ပိုက်ဆံမရှိတော့ မစားနိုင်ဘူး မစားသောက်နိုင်ဘူး ဆိုရင်လည်း ကလေး အတွက် အာဟာရ ချို့တဲ့နိုင်တာပေါ့။” လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင် မိခင် ၁၄ ဦး နဲ့ မီးဖွားပြီးခါစ မိခင် ၄ဦး ရှိပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အစာအာဟာရကို ပြည့်ပြည့်ဝဝ စားနိုင်မှသာ ကလေးကြီးထွားမှု ပိုမြန်မှာဖြစ်ပြီး မစားနိုင်ရင်တော့ ကလေးငယ်တွေ အာဟာရ ချို့တဲ့တာတွေ ဖြစ်လာနိုင်တယ်လို့ ဆေးပေးခန်း ဆရာမ တစ်ဦးက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်က‌ ကိုယ်ဝန်ဆောင်နေတဲ့ကာလ အတောအတွင်းမှာက အာဟာရမှုန့်ကို လစဥ်လစဥ်‌ပေါ့နော် တစ်ထုတ်ဆီပေးတာ‌ပေါ့။ တစ်ထုတ်ဆီပေးတော့ အာဟာရမှုန့်က သူတို့တစ်လတောင်မှ မစားနိုင်ဘူး မလောက်ဘူးပေါ့။ ဒီအာဟာရမှုန့်ဆိုလို့ရှိရင် စျေးတွေလည်းကြီးတယ်။ အစားအသောက်တွေ ပြည့်ပြည့်ဝ မစားရတဲ့ အတွက်ကြောင့်မို့လို့ အာဟာရချို့တဲ့တာတွေလည်း ဖြစ်လာနိုင်တယ်။”လို့ ဆေးပေးခန်းဆရာမ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရ ရှိတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးနိုင်ဖို့ အဖွဲ့အစည်းတချို့က ငွေကြေး နဲ့ အာဟာရမုန့်တွေ လှူဒါန်းတာရှိပေမယ့် စစ်ရှောင်စခန်းအားလုံးကို လွှမ်းခြုံနိုင်ခြင်းတော့ မရှိပါဘူး။ အာဏာသိမ်းပြီးနောက် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရချို့တဲ့မှု များလာသလို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာဒေသတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ လက်လှမ်းမမှီသေးဘူးလို့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း ဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

spot_img
spot_img
spot_img

Recent posts