spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ဓာတုလက်နက်အသုံးပြုမှုက လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ NUG ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်နဲ့ ရှမ်း – ကရင်နီနယ်စပ် ‌တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုလက်နက်အသုံးပြုမှုဟာ ဓာတုလက်နက်များဆိုင်ရာ ကွန်ဗင်းရှင်း ( CWC ) စာချုပ်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ရပ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောဆိုပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပူးတွဲပြုလုပ်တဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှု နဲ့ ပတ်သတ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။

“နှစ်ထပ်ကွမ်း လူ့အခွင့်အရေး ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ပါတယ်။ ဓာတု လက်နက်တွေ သုံးစွဲခြင်းက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပါတယ်။ ဒီတစ်ခုထဲမကပဲနဲ့ အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဗျူဟာတစ်ရပ်လို သုံးတာဖြစ်ပါတယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဓာတုလက်နက်များဆိုင်ရာ ကွန်ဗင်းရှင်း ( CWC ) က ဓာတုလက်နက် ထုတ်လုပ်မှု၊ သိုလှောင်မှု၊ အသုံးပြုမှု၊ ဓာတုလက်နက်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေအပေါ် ကြိုတင်တားမြစ်ရေးဆိုင်ရာ တရားဝင်သဘောတူစာချုပ် ဖြစ်ပါတယ်။ CWC စာချုပ်ကို ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းက ရှမ်းမြောက်၊ ချင်း၊ ကရင် ၊ ရှမ်းတောင် (ရှမ်း-ကရင်နီနယ်စပ်) ၊ ကချင်၊ ရခိုင် စတဲ့ ဒေသတွေမှာ ဓာတုလက်နက်အသုံးပြုမှုကို စစ်ကောင်စီက အသုံးပြုခဲ့တယ်လို့ NUG က ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ( TNLA ) ထိန်းချုပ်ရာဒေသတွေမှာ စစ်ကောင်စီရဲ့ ဓာတုလက်နက်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့လည်း NUG က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့ က ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ S-PHOS 560 ဓာတုအဆိပ်ဓာတ်ပြားကို အသုံးပြုခဲ့ပြီး အဲ့ဒီအဆိပ်ငွေ့ကို ရှူရှိုက်မိတဲ့ တော်လှန်ရေးတပ်သားက မိနစ်ပိုင်းအတွင်းမှာ ဆေးအာနိသင် ခံစားလာရတယ်လို့ ပြောပါတယ်။

“အဆိပ်ငွေ့ကျတဲ့အချိန် ကျနော်တို့ သာမန်မီးခိုးငွေ့တို့၊ မျက်ရည်ယိုဗုံး‌လို့ပဲထင်ခဲ့တာပေါ့။ အဲ့အငွေ့ကို အများကြီးရှူမိတဲ့ အချိန်မှာ ကျနော်တို့ အရမ်းလည်းပင်ပန်းတယ်။ အော့အန်တာ ၊ တစ်ကိုယ်လုံးညောင်းတာ၊ ဘာမှလုပ်ချင်စိတ်မရှိအောင်ကို ပင်ပန်းတော့ အိပ်ချင်တာပဲ ရှိတော့တယ်ပေါ့နော” လို့ အဆိပ်ငွေ့ ရှူမိတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် ၃ ၊ တပ်သား နောဧ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီ အသုံးပြုခဲ့တဲ့ S-PHOS 560 အဆိပ်ငွေ့က စင်ကာပူနိုင်ငံထုတ်ဖြစ်ပြီး ဘူးကြီးတစ်ဗူးမှာ ၃၂၀ ပြား ပါရှိပြီး ဘူးသေးတစ်ဗူးမှာဆေးပြား ၂၀ ပြားပါရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက အဆိပ်ခဲပြား ၂၀ ပါတဲ့ဘူးတွေကို အသုံးပြုခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောဆိုသွားပါတယ်။

စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း ဓာတုလက်နက်သုံးတိုက်ခိုက်ရာမှာ လက်နက်ကြီး၊ ဒရုန်း၊ တိုက်လေယာဥ် ၊ Y 12 လေ့ကျင့်ရေး လေယာဥ် နဲ့ အသုံးပြုတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း KNDF က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီတပ်က ဓာတုစစ်လက်နက် အသုံးပြုတိုက်ခိုက်နေမှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက တစ်စုံတစ်ရာမရှိသေးဘူးလို့ NUG က ကန္တာရဝတီတိုင်း ( မ် ) ရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

ကရင်နီပြည်အတွင်းက တိုက်ပွဲတွေမှာလည်း စစ်ကောင်စီက ဓာတုလက်နက်သုံးတိုက်ခိုက်မှုရှိနေတယ်လို့ KNDF က ပြောပါတယ်။ စစ်ကောင်စီက ဓာတုလက်နက်အသုံးပြုတဲ့အထောက်အထားနဲ့ပတ်သက်ပြီး နိုင်ငံတကာကို သက်သေနဲ့ တကွတင်သွင်းမှု ပြုလုပ်မှာဖြစ်သလို အရေးယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း IEC နဲ့ NUG တို့က ပြောဆိုသွားပါတယ်။

spot_img
spot_img
spot_img

Recent posts