spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

နန်းမယ်ခုံမြို့နယ်မှာ အမျိုးသား(၁)ဦးမိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် နန်းမယ်ခုံမြို့နယ် အတွင်းမှာရှိတဲ့ ဆင်တောင်ကျေးရွာအနီးမှာ အမျိုးသား (၁) ဦးမိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ နန်းမယ်ခုံမြို့နယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဒီကနေ့ (မတ်လ ၂၈ ရက်နေ့) မနက် ၉နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားဖူးသွားရင်း ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“အခုက ဆင်တောင်ကျေးရွာ အနီးမှာဖြစ်တာ။ လကွယ်ဆိုပြီး တောင်ပေါ်စေတီ မှာ ရှိတဲ့ ဘုရား ဖူးမျော်ဖို့ ဆိုပြီးသွားလိုက်တာသူငယ်ချင်း လေးယောက် နဲ့ တက်သွားတာ။ နင်းမိတဲ့တစ်ယောက်က ညာဖက်ခြေထောက်ဖြတ်ရတာပေါ့နော်။”လို့ နန်းမယ်ခုံမြို့နယ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ မိုင်းနင်းမိသူ အမျိုးသားဟာ အသက် ၁၅ နှစ်အရွယ် မောင်မျိူးမင်းနိုင်ဖြစ်ပြီး ဖယ်ခုံမြို့နယ် မြောက်ဘက် လုံကာကျေးရွာ ဇာတိက ဖြစ်တယ်လို့ သိရပါတယ်။

“အခုဖြစ်တာလည်း ဆင်တောင်ကျေးရွာအနီးပေါ့နော်။ ကျေးရွာထဲမှာတော့ လူထုတွေနေကြပါတယ်။ စစ်ရှောင်တွေကော နေထိုင်ကြတယ်။ နန်းမယ်ခုံဖက်မှာ အခုလို နင်းမိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ စာရင်းတွေတော့လုပ်ထားတာမရှိသေးဘူး။”လို့ နန်းမယ်ခုံ အားမာန်သစ် ပရဟိတ အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

စစ်ကောင်စီတွေဟာ တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးတဲ့နေရာ၊ အခြေချ နေထိုင်ခဲ့ဖူးတဲ့ ကျေးရွာအများစုတွေမှာ နင်းမိုင်းတွေ ထောင်ထားလေ့ရှိပြီး ခရီးသွားလာပြည်သူတွေ ကျေးရွာ ဒေသခံတွေ မိုင်းနင်းမိကာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာလည်း နန်းဖယ်ခုံမြို့နယ် နန်းစံခမ်း‌ ကျေးရွာရဲ့ လယ်တောမှာ အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့ နန်းမယ်ခုံမြို့နယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးဆီကနေ သိရပါတယ်။

spot_img

Recent posts