ကန္တာရဝတီတိုင်း(မ်)
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနေတဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ ( IRC ) လုပ်ငန်းစဥ်တွေက လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကာလကုန်ဆုံးတော့မှာဖြစ်လို့ ထိုင်း- မြန်မာ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း၂ခုက ကျန်းမာရေးဝန်ထမ်း အရေအတွက်ကို ထပ်လျော့ချရနိုင်ချေရှိတယ်လို့ ကရင်နီကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောက ပြောပါတယ်။
နိုင်ငံတကာအဖွဲ့တွေဆီက လုပ်ငန်းလည်ပတ်ဖို့ ရံပုံငွေတွေ ရယူနေတဲ့ IRC က အမေရိကန်သမ္မတထရမ့်ရဲ့ အမိန့်ကြောင့် ရန်ပုံငွေက ရပ်တန့်သွားတာဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းတွေ အပါအဝင် ကရင်နီ အမှတ်(၁) နဲ့ အမှတ်(၂) ဒုက္ခသည် စခန်း ၂ခုမှာ ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလည်း ရပ်တန့်သွားတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီအကူအညီ(အကူအညီရပ်တန့်မှု)က ၇ လပိုင်းနောက်ပိုင်းမှာ သေချာသွားပြီဆိုလို့ရှိရင် သေချာတာကတော့ ကျမတို့ ဝန်ထမ်းတော့ ထပ်လျော့ရမှာပဲ။ ဘာဖြစ်လဲဆို အဲလောက် amount (ပမာဏ) များများကို ကူညီမယ့်သူလည်း ရှိနိုင်မှာ မဟုတ်ဘူးလေး။ ဆိုတော့ အခုကျမတို့လုပ်နေတာက life saving (အသက်ကယ်ဆယ်ရေး) လေး။ life saving ထဲမှာမှ တစ်ကယ့် အရေးကြီးမရှိမဖြစ်လိုအပ်တဲ့ ဟာလောက်ကိုပဲ ကျမတို့ချန်ထားရမဲ့ သဘောမှာရှိနေတယ်” လို့ နော်ခူဖော ကပြောပါတယ်။
နှစ်ပေါင်း ၃၀ ဝန်းကျင် တည်ရှိလာတဲ့ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီအမှတ် (၁ ) နဲ့ အမှတ် (၂) ဒုက္ခသည်စခန်း၂ခုကို ပေးအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ IRC ကိုသာ အဓိကမှီခိုနေရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့တုန်းက နိုင်ငံတကာကို ပေးအပ်နေတဲ့ အကူအညီတွေကို ရက် ၉၀ ကြာဆိုင်းငံ့ထားဖို့ သမ္မတထရမ့် ကအမိန့်ပေးခဲ့တာဖြစ်ပြီး အဆိုပါ ဆိုင်းငံ့မှုက သတ်မှတ်ရက်လွန်သွားပေမဲ့ အကြောင်းတစ်စုံတရာ မထူးခဲ့ပါဘူး။
သမ္မတ ထရမ့်ရဲ့ အမိန့် စတင်အသက်ဝင်စဥ်ကတည်းက နယ်စပ်ဒေသက ကရင်နီဒုက္ခသည်စခန်းရဲ့ ကျန်းမာရေး ဝန်ထမ်း ၂၀၀ ကျော်ထဲက တစ်ချို့ကို လျော့ချလိုက်ရပြီး ဝန်ထမ်း ၁၀၀ ကျော်နဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေခဲ့တာပါ။
လျော့ချခံရတဲ့ ဝန်ထမ်းတွေထဲက အနည်းစုက လက်ရှိမှာတော့အလုပ်အကိုင်ပြန်ရကြပေမဲ့ အများစုကတော့ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ သိရပါတယ်။ IRC အကူအညီ အပြီးတိုင်ရပ်တန့်သွားမှာ ဖြစ်ပေမဲ့ ကျန်းမာရေးဝန်ဆောင်မှုဝန်ဆောင်မှုကို ထိုင်းအာဏာပိုင်တွေဆီက ရဖို့လုပ်ဆောင်သွားမယ်လို့လည်း နော်ခူဖောက ပြောပါတယ်။
“သူတို့တွေကတော့ ပြီးတာနဲ့ ပြီးတာထွက်သွားတာတော့သူတို့မလုပ်ဘူး။ အာဏာပိုင်တွေနဲ့ ဆက်စပ်ပေးမယ်ပေါ့နော။ ထိုင်းအာဏာပိုင်တွေနဲ့ ဆက်စပ်မယ်။ ထိုင်းဆေးရုံတွေနဲ့ ဆက်စပ်မယ်ပေါ့နော” လို့ နော်ခူဖောက ပြောပါတယ်။
အခုရက်သတ္တပတ်အတွင်း စခန်း(၁) အတွက် မယ်ဟောင်ဆောင်အာဏာပိုင်နဲ့တွေ့ဆုံမှာဖြစ်ပြီး စခန်း( ၂) အတွက် ခွန်ရုံးအာဏာပိုင်တွေနဲ့ သွားတွေ့ဖို့ရှိတယ်လို့ဆိုပါတယ်။
ကရင်နီ အမှတ် (၁) နဲ့ အမှတ် (၂) ဒုက္ခသည်စခန်းမှာ လူဦးရေစုစုပေါင်း ၁၅၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။