spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

နို့မုန့်လိုအပ်နေတဲ့ စစ်ရှောင်ကလေး

ကျောင်းဆရာမ ဒေါ်ကေးမိုနှင့် မိသားစု

ကန္တာရဝတီတိုင်း(မ်)

ဝါးကပ်နဲ့ ကာရံထားပြီး မိုးကာအမိုး မိုးထားတဲ့ တဲအိမ်ကလေး တစ်လုံး အောက်တဲပြား ပေါ်မှာ တစ်နှစ်ခွဲအရွယ် သားငယ်လေးက ‌ပြေးလွှားဆော့ကစားနေပါတယ်။

မိခင်ဖြစ်သူက‌ေတာ့ နေ့ရက်တိုင်း အချိန်တိုင်းသားသမီးတွေနဲ့ပဲ အချိန်ကုန်ဆုံးနေရပါတယ်။ မိခင်​ဖြစ်သူက အသက် ၄၁နှစ်ရှိပြီဖြစ်တဲ့ ကျောင်းဆရာမ ဒေါ်ကေးမိုးပဲဖြစ်ပါတယ်။

သူမမှာ သားလေးယောက်ရှိပြီး ကလေးတွေရဲ့အသက်က သိပ်မကွာကြပါဘူး။ အငယ်ဆုံးသား ၆ လသားအရွယ်ကို မိခင်နို့တိုက်နေရပြီး တစ်နှစ်ခွဲအရွယ်သားငယ်လေးကိုလည်း နို့ဗူးတိုက်နေရ ပါတယ်။

သူမ မှာ နို့စို့အရွယ် ကလေးငယ် နှစ်ယောက်အပြင် ၆နှစ်အရွယ်၊ ၄နှစ်အရွယ် သားတွေလည်းရှိပါသေးတယ်။

အခုဆို သူမမှာ တစ်နှစ်ခွဲအရွယ် တတိယသားလေးအတွက် စစ်ရှောင်စခန်းမှာ ဒူးမက် ( နို့မှုန့် ) က လိုအပ်နေပါတယ်။

သူမရဲ့ကလေးကို ဒူးမက် ( နို့မှုန့်) ဆက်တိုက်နိုင်ဖို့အတွက် တိုက်ပွဲတွေနဲ့ဝေးတဲ့ နေရာတစ်ခုဖြစ်တဲ့ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းကိုလာရတာဖြစ်တယ်လို့ သူကပြောပါတယ်။

လာတဲ့လမ်းမှာလဲ သူ့ရဲ့ကလေးတွေက ငယ်သေးတာကြောင့် လူငှားပြီးပိုးလာရတယ်လို့ ပြောပါတယ်။

”လမ်းမှာလာတုန်းက လူငှားပိုးရတယ်။ ကျမတို့ပိုက်ဆံမရှိဘူး။ ဒါပေမယ့် ရှိသမျှအကုန်သုံးပြီး လူငှားတယ်။ ဒီရောက်တော့ ဘာတွေလိုအပ်လဲဆိုတော့ ကျမကလေးအတွက် ဒူးမက် နို့မှုန့်လိုအပ်တယ်။ကျမကလေး ဒူးမက် နို့မှုန့် မသောက် ရရင် သူအားနည်းသွားမယ်။ ”
စစ်ရှောင်စခန်းကိုရောက်ပေမယ့် လိုအပ်နေတဲ့ ဒူးမက်ကို အလွယ်တကူဝယ်ယူနိုင်ဖို့အတွက် သူမ အခက်တွေ့နေရပါတယ်။

ကျောင်းဆရာမ ဒေါ်ကေးမိုနှင့် မိသားစု

” ကလေးက ဒူးမက်သောက်တော့ ဒီဘက်ရောက်ရင်တော့ ဆက်ပြီးဝယ်တိုက်နိုင်မလား။ အလုပ်တွေလည်းလုပ်နိုင်မယ် လို့တွေးထားတာပေါ့နော။”

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် သူမဟာ အခက်အခဲပိုကြုံနေရပါတယ်။

”ရောဂါကြောင့် လမ်းတွေပိတ်သွားတော့ အခက်အခဲတွေရှိတယ်ပေါ့နော။ ဒူးမက်တွေလည်း သွားဝယ်လို့လည်းမရဘူး။ အခုချိန်က ကလေးက ဒူးမက် တအားသောက်တဲ့အချိန်မို့ ဒုက္ခရောက်တယ်။ “

အဲ့ဒီစစ်ရှောင်စခန်းမှာရှိတဲ့ ဆေးခန်းက သူမရဲ့ကလေးအတွက် ဒူးမက်ကို နှစ်ပတ်တစ်ဗူးထောက်ပံ့ပေးနေပါတယ်။ ဒါပေမယ့် အဲ့ဒီကလေးအတွက် တစ်ပတ် ဒူးမက်တစ်ဗူး ကုန်ပါတယ်။

လက်ရှိမှာတော့ သူမရဲ့ ကလေး လေးယောက်နဲ့ အမျိုးသားက နယ်စပ်မှာရှိတဲ့ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းမှာ ရှိနေတာ နှစ်လပြည့်သွားပါပြီ။

အရင်က ဝန်ထမ်းလစာနဲ့ခင်ပွန်းဖြစ်သူက တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေ​ခဲ့ပေမယ့် လက်ရှိမှာတော့ ဘာလုပ်ငန်းမှ မလုပ်ကိုင်နိုင်တော့ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက အစိုးရဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာရှင်ဖီဆန်တဲ့ လှုပ်ရှားမှု ( CDM) ကို ပြုလုပ်ကြပါတယ်။

အဲ့ဒီအထဲမှာ ကေးမိုးလည်း CDM လုပ်သူတစ်ဦးပါ။ မေလ ကုန်မှာတုန်းကတော့ စားဝတ်နေရေးနဲ့ကလေးတွေ နို့ဗူး ဖိုး မရှိတာနဲ့ လစာထုတ်လိုက် တယ်လို့ပြောပါတယ်။

ဒီလို အချိန်မှာ စစ်အာဏာရှင်လက်အောက်မှာ ဘယ်လိုနည်းနဲ့မှ အလုပ်လုပ်လို့မရဘူးဆိုတာ သိနေတာမို့ မေလကုန်ပြီး နောက် တိုက်ပွဲစဖြစ်ချိန်မှာပဲ နယ်စပ်စစ်ရှောင်စခန်းမှာ အရောက်ပြေးလာနေခဲ့ရတာလို့ဆိုပါတယ်။

သူမအခုလိုခံစားနေရတာက ဒုတိယအကြိမ်ပါ။
သူမငယ်ငယ်က စစ်တပ်ရွာလုံးကျွတ်မီးရှို့တာခံရပြီး ရှမ်းပြည်နယ်ဘက်ကိုပြောင်းရွေ့နေထိုင်ခဲ့ရဖူးပါတယ်။

အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း သားသမီးတွေအတွက် မျှော်လင့်ချက်တွေ ရှိခဲ့ပေမယ့် ပျက်စီးကုန်ပြီလို့ သူကပြောပါတယ်။

” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျမတို့မျှော်လင့်တယ်ပေါ့နော။ ကျမတို့လူမျိုးက ခိုးတာတွေ လုယက်တာတွေမရှိဘူးပေါ့နော။ ဒါကို သူတို့က အခွင့်အရေးမပေးတော့ စိတ်နာတယ်ပေါ့။ကျမတို့ပြည်နယ်မှာလဲ။ ကိုယ့် ပညာရေးကောလိပ်တို့ ရှိလာမယ်လို့ ေမျှာ်လင့်ထားတယ်ပေါ့။ နောက်ဆုံးတော့ အကုန်ဖျက်စီးခံရတယ်ပေါ့နော။ ကိုယ့်ကလေးတွေအတွက် ကိုယ့်တိုင်းရင်းသားဘာသာစကားတွေရှိလာတော့မယ် တွေးပြီး စိတ်ကျေနပ်ခဲ့တယ်။ အကောင်းတွေအကုန်စဥ်းစားထားပေမယ့် အခုတော့ အကုန်ပျက်စီးကုန်ပြီ။ အခုတော့ မငတ်ဖို့ပဲ စဥ်းစားနေရတယ်။ ရှေ့ဆက်ဘာလုပ်ဆောင်မလဲဆိုတာ တွေးရင်း စိတ်အရမ်းညစ်ရတယ်။ ဘာလုပ်ရမလဲ မသိဘူး။ ကလေးတွေအတွက်ဘာလုပ်ရမလဲ။ ဒီမှာသာအဆင်မပြေဘူးဆိုရင် ဘာလုပ်ရမလဲမသိဘူး။”

စစ်ရှောင်စခန်းမှာတော့ တခြားအစားအသောက် ၊ နေဖို့ အမိုးအကာတွေ လှူတာရှိပေမယ့်လည်း ကလေးငယ်များတ့ဲ မိသားစုတွေအတွက် လိုအပ်ချက်တွေရှိနေပါသေးတယ်။

KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ တစ်ထောင်ကျော် ရှိနေပြီး ၅နှစ်အောက်ကလေး ၇၀ကျော် ရှိပါတယ်။

spot_img
spot_img