ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့၊ မနက် ၈ နာရီခွဲ အချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ ထီးကလူဒေါကျေးရွာမှာ နေအိမ်ပြန်လာကြည့်တဲ့ ဒေသခံ အမျိုးသားသုံးဦးကို ကင်းရှည်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ၂ဦး ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရပါတယ်။
“ပထမ ပစ်ခံရတာ သုံးချက်၊ ပေါင်တစ်ချက်ထိသွားတာ တစ်ယောက်၊ နောက်တစ်ယောက်က အများကြီး ပစ်ခံရတယ်၊ ဒါပေမယ့် မထိဘူး သူ့ကို။ လက်ပစ်ဗုံး တစ်လုံး ထပ်ပစ်ခံရတော့ ထွက်ပြေးလိုက်တာ နောက်ကျောမှာ လက်ပစ်ဗုံးစ ထိသွားတာပေါ့၊ နှစ်ယောက်လုံးတော့ ထိသွားတယ်။” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
အဆိုပါ ဒေသခံတွေဟာ စစ်ရှောင်နေရင်းနေရပ်ပြန်ပြီး ပစ္စည်းတွေပြန်ယူကြတာဖြစ်ပါတယ်။
ပျောက်ဆုံးနေသူမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး ဒီကနေ့အထိပြန်မရောက်လာသေးဘူးလို့ ဆိုပါတယ်။
“တောင်ယာထယ်ဖို့ စက်ပစ္စည်းကျန်တာကို မနက်အစော ပြန်လိုက်တော့ အမှန်က သူ့ကို မပြန်ခိုင်းဘူး၊ သူ့ကို စောင့်နေရင်းနဲ့ သေနတ်သံကြားတယ်လေး၊ တစ်ည စောင့်သေးတယ်။ အဲဒါခုထိ ပေါ်မလာဘူးဖြစ်နေတယ်”လို့ ပျောက်ဆုံးနေတဲ့သူနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
နေအိမ်ပြန်လာကြည့်တဲ့ ဒေသခံ သုံးဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့ ရှေ့ဆင့်၊ နောက်ဆင့်ပြန်လာကြတာဖြစ်ပြီး စစ်တပ်က ဆိုင်ကယ်သံကြားရာကနေ ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။
ပြီးတဲ့မေလကစပြီး ဖရူဆိုမြို့၀န်းကျင်မှာ စစ်ကောင်စီတပ်တွေ ကင်းရှည်ထွက်ယူနေတာမျိုးကို တွေ့မြင်နေရပြီး မြို့ပြင်ထိ လမ်းပိတ်ထားတာမျိုးရှိနေသလို၊ မှိုင်း ထောင်ထားတာမျိုးလည်း လုပ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
ဖရူဆိုမြို့နယ်အတွင်းမှာတော့ ခမရ (၅၃၁)၊ ခလရ (၄၂၈)၊ မြို့မရဲစခန်း၊ အမှတ် (၁၄) တန့်မြှင့် လေ့ကျင့်ရေးကျောင်း စတဲ့ တပ်စခန်းတွေ ရှိနေပါတယ်။