spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

နေရပ်မပြန်နိုင်သေးတဲ့ မိုးဗြဲစစ်ရှောင်တွေ စိုက်ပျိုးရာသီကာလမှာ တောင်ယာ၊ လယ်ယာငှားရမ်းပြီး ဝမ်းရေးဖြေရှင်းနေကြ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့အတွင်းမှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတဲ့ မိုးဗြဲ စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ရှောင်စခန်းတွေမှာ တောင်ယာ၊ လယ်ယာမြေတွေကို ငှားရမ်းကာ သီးနှံစိုက်ပျိုးပြီး ဝမ်းရေးဖြေရှင်းကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေ သွားရောက်တိမ်းရှောင်တဲ့ နေရာတွေမှာ မြေယာပိုင်ရှင်တွေကနေ မြေယာ၊ လယ်ယာ ငှားရမ်းပေးသလို မျိုးစေ့တွေလည်း ထုတ်ပေးတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“စားဝတ်နေရေးကတော့ အကုန်လုံးက အခက်အခဲဖြစ်နေကြတာပေါ့။ အလှူရှင်တွေကိုဆက်ပြီး မျှော်လင့်နေလို့ မရတာမို့ တချို့ပြည်သူတွေက တောင်ယာ၊ လယ်ယာတွေ အငှားစိုက်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတာပေါ့နော် ။ ငှားပေးတဲ့ တောင်ယာ၊ လယ်ယာပိုင်ရှင်တွေက မျိုးစေ့တွေ ၊ လိုအပ်တဲ့ မြေသြဇာတွေ ပြီးတော့ ထွန်ယက်ဖို့ ဆီ‌တွေကို ထုတ်ပေးတာပေါ့။ အငှား လုပ်တဲ့သူကျတော့ လုပ်အားစိုက်ပြီး အသီးအပွင့်ရလာရင် တစ်ယောက်တစ်ဝက် ယူကြတာပေါ့”လို့ သူက ပြောပါတယ်။

မိုးဗြဲမြို့ပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ကြိုကြား ရှိနေဆဲ ဖြစ်သလို မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ပြည်သူတွေ နေရပ်ပြန်မနေရဲကြသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်စခန်း ကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်နေပြီး လက်နက်ကြီးပစ်ခတ်မှုကလည်း ရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ထိတွေ့မှုတွေတော့ အချို့ရှိပါတယ် ။ နေ့တိုင်းတော့ မရှိပါဘူး ။ အချို့ရက် တွေလောက်ပါပဲ ။ လက်နက်ကြီးတွေတော့ မိုးဗြဲ မြို့ထဲမှာ ကျရောက်ပေါက်ကွဲမှုတွေတော့ ဖြစ်နေတုန်းပါပဲ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးဗြဲစစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်တာ ၂နှစ်ကျော်ရှိပြီး စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်စခန်းတွေမှာ အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ပေးမှုက နည်းပါးလာသလို စားနပ်ရိက္ခာလိုအပ်ချက်ကလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts