spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

နေအိမ်တွေနဲ့ တောတောင်တွေမှာ စာသင်နေကြရတဲ့ ဒီးမော့ဆိုက ကျောင်းသား၊ ကျောင်းသူလေးများ

ကန္တရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျောင်းသားလေးတွေဟာ နေအိမ်တွေနဲ့ တောတောင်တွေထဲမှာ စာသင်ခန်းတွေဆောက်ပြီး ပညာသင်ကြားနေကြပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကြောင့် ကျေးရွာ ၊ စစ်ရှောင်စခန်းက စာသင်ကျောင်းတွေမှာ ပညာသင်ကြားနိုင်ခြင်းမရှိသေးပါဘူး။

“ဒါဘာကြောင့်လဲဆိုရင် လုံခြုံရေး အရ ခနခဏ လေယာဉ်တွေလာကြဲတဲ့ခါကျတော့ ကျမတို့က ကလေးတွေလည်းကြောက်တယ်၊ ကျမတို့ဆိုလည်းကြောက်တယ်။ မိဘတွေကလည်းလုံခြုံမှုမရှိဘူး ဆိုပြီးတော့မှ သူများအိမ်မှာ လိုက်ပြီးသင်ခိုင်းတာပေါ့။ အဓိကကတော့ လုံခြုံရေးပေါ့နော။ အရင်နှစ် ဇန်နဝါရီလ နောက်ပိုင်းပေါ့နော ကျမ အဲ့ကတည်းကစတယ်။ ဒါပေမဲ့ အရင်နှစ်က သူများအိမ်မှာပဲ ဒါပေမဲ့ ဒီနှစ်ခါကျတော့ တောမှာပါ။ စာသင်ခန်းတွေဆောက်ပြီးတော့မှ အဲ့ဒီတောမှာ စာသွားသင်ရခြင်းဖြစ်တယ်။“ လို့ စစ်ရှောင်စာသင်ကျောင်း တစ်ကျောင်းရဲ့ တာဝန်ခံ အမျိုးသမီး က ပြောပါတယ်။

လူနေအိမ်တွေမှာ သင်ကြားနေရတဲ့ စာသင်ခန်းတွေမှာတော့ နေရာထိုင်ခင်း ကျဉ်းကြပ်တဲ့ အခက်အခဲတွေရှိနေပါတယ်။ တောတောင်ထဲမှာ စာသင်ခန်းဆောက်လုပ်ပြီ သင်ကြားနေတဲ့စာသင်ကျောင်းကို သွားလာတဲ့အခါမှာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အကြောင်းကို တာဝန်ခံ အမျိုးသမီးက ဆက်ပြောပါတယ်။

“သွားလာရတာခက်ခဲသလို စာသင်ခန်းမှာဆိုရင် ခြင်ကောင်တွေ၊ ဖြုတ်ကောင်တွေ ကိုက်တော့ ကလေးတွေ ညည်းတာပေါ့နော။ ကလေးတွေကိုမေးတော့လည်း လမ်းကော၊ နောက်ပြီးတော့ ခြင်ကောင်တွေကော ၊စာသင်ခုံတွေ၊ စာသင်ခန်းတွေ၊ အဆင်မပြေဘူးပေါ့နော။ အခုလောလောဆယ်ကတော့ ဖြစ်သလိုပဲ စာသင်လို့ရအောင် ပဲ စာသင်ခန်းတွေဆောက်ထားတယ်ပေါ့နော။ ကျဉ်းကျဉ်းကြပ်ကြပ် လည်းရှိတာပေါ့။ အဲဒါနဲ့ အခက်အခဲကတော့ အများကြီးပဲပေါ့။ ဝေးလည်းဝေးတာကော ရွာအပြင်မှာဆိုတော့ ဝေးတယ်။ တချို့နေအိမ်မှာခါကျတော့ စာသင်ခန်းက သူများအိမ်ဆိုတော့ ကလေးတွေကများတော ကျဉ်းကြပ်တယ်ပေါ့နော။ ပြီးတော့ အိမ်ရှင်အတွက်လည်း အခက်အခဲရှိမယ်ထင်တယ်။ ဘာကြောင့်လည်းဆိုရင် ကလေးက သူများအပင်တွေ ဖျက်ရင်လည်းဖျက်နိုင်တယ်ပေါ့။ အသီးတွေခူးစားရင်လည်း ခူးစားနိုင်တယ်။ အိမ်ရှင်အတွက်လည်း အခက်ခဲရှိမှာပဲ ဆရာဆရာမတွေ၊ တွေလည်း အိမ်ရှင်ကို အားနာတာပေါ့။” လို့ အဆိုပါ တာဝန်ခံအမျိုးသမီးက ဆက်ပြောပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းက စာသင်ကျောင်းတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ပုံမှန်စာသင်ကျောင်းဆောင်တွေမှာ သင်ကြားရတာမဟုတ်ပဲ တောတောင်တွေထဲ သို့မဟုတ် လူနေအိမ်တွေမှာ သင်ကြားနေကြရတယ်လို့ ဒီးမော့ဆို ပညာရေးဘုတ်အဖွဲ့ ဝင်တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

“လိုအပ်ချက်ဆိုရင် အခုလောလောဆယ်တော့ ကျောင်းတွေက စစ်ဘေးရှောင် ကော်မတီတို့လည်းကူတာပေါ့နော သူတို့။ သူများအိမ်မှာ လိုက်သင်တယ်ဆိုတော့လည်း အိမ်သာက သပ်သပ် ဆောက်ရတာပေါ့။ အိမ်သာခွက်တွေ သူတို့ပေးတယ်။ ရေပုံး၊ရေခွက်တွေက မိဘတွေပေးတာပေါ့ နဲနဲပါးပါးကူတယ်။ ဒါပေမဲ့ လိုသေးတယ်။ စာသင်ခန်းတွေ တအားကျဉ်းကြပ်တော့ ကျမတို့ စာသင်ခန်းတွေ ထပ်လိုချင်တယ်။ မိုးကာဖြစ်ဖြစ် ၊သွပ်မိုးဖြစ်ဖြစ် ထပ်ရမယ်ဆိုရင် ကျမတို့ ကျောင်းထပ်ချဲ့ချင်တာပေါ့နော တောထဲမှာ။ တောထဲမှာ ကလေးတွေလည်းခုလောလောဆယ် စာအုပ်လုံလောက်မှု သိပ်မရှိသေးဘူးပေါ့။ ခဲဖျက်တွေ အဲလိုမျိုးလိုအပ်တယ်။” လို့ လိုအပ်နဲ့ပတ်သက်ပြီး တာဝန်ခံ အမျိုးသမီးက ပြောဆိုသွားပါတယ်။

spot_img
spot_img