spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

နေအိမ်မီးငြိမ်းဖို့ကြိုးစားတဲ့ ပြည်သူကို စစ်ကောင်စီ သေနတ်နဲ့ပစ်ခတ်ပြီး ခြောက်လှန့်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ မီးလောင်တဲ့နေအိမ်တွေကို ပြည်သူတွေ သွားရောက်ငြိမ်းဖို့ ကြိုးစားပေမယ့် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ် ခြောက်လှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်တွေကို မီးရှို့တယ်ဗျ ။ သွားကြည့်မို့လုပ်တော့ ပစ်တာ ကံကောင်းလို့ မထိတယ် ။ လူမရှိတဲ့ အိမ်တွေပေါ်တက်ပြီး သူတို့(စစ်ကောင်စီ) လိုချင်တာ ယူသွားတာပဲ” လို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ပန်ကန်းရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်ဟာ မိုင်းလုံးရပ်ကွက်နဲ့ အနီးအနားကို အင်အားဖြည့်တင်းဝင်ရောက်လာပြီးနောက် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ မြကလပ်တောင် ၊ ပန်ကန်းရပ်ကွက်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

တစ်ဖက်မှာလည်း စစ်ကောင်စီက လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဆိုတဲ့ ဝါဒဖြန့်သတင်းတွေကြောင့် လွိုင်ကော်မြို့ခံ စစ်ရှောင်တွေဟာ နေရပ်ပြန်လာကြတာရှိပါတယ်။ သို့ပေမယ့် တဖန် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုတွေကြောင့် ယခုထပ်မံ တိမ်းရှောင်နေကြတယ်လို့ မိုင်းလုံးရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

“သတင်းတွေ တွေ့တော့ယုံတယ်လို့ မဟုတ်ပေမဲ့ သူများ မြို့ရွာ မှာ နေဖို့ မတတ်နိုင်တဲ့ အဆုံး ပြန်လာရတော့တာပဲ။ ခု ကိုယ်နေတဲ့ ရပ်ကွက်က မငြိမ်သေးတော့ စိန်တစ်လုံးကျောင်းမှာ သွားနေရတယ် ” လို့ မိုင်းလုံးရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ် ။

တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ လွိုင်ကော်မြို့ခံတွေရဲ့ နေအိမ်အများစုဟာ ဖောက်ထွင်းခိုးယူမှု ခံနေရတယ်လို့ သိရပါတယ်။ မြို့တွင်းက နေအိမ်ပစ္စည်းတွေကို ဖောက်ထွင်းယူတဲ့အုပ်စုတွေဟာ စစ်ကောင်စီတပ်နဲ့ ညှိယူပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ရပ်ကွက်အတွင်းမှာ လှုပ်ရှားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပန်ကန်းမှာ စစ်စဖြစ်တဲ့ ရက်တွေမှာ ရပ်ကွက်နေတဲ့သူတွေက ပြန်ကြည့်ခွင့် မရဘူး ၊ သူခိုးတွေကျ တပ်နဲ့ ပေါင်းပြီး ဝင်သယ်လို့ရတယ် ။ သူခိုးစျေးကွက် ကော သူခိုးလက်ခံတွေကော ပြောင်ပဲ လုပ်စားနေကြတာ သိပေမဲ့ ဘယ်သူမှ လည်း အရေးမယူကြပါဘူး။ ” လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဩဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ ဒရုန်းနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဇူလိုင်လအတွင်း မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်က ပြည်သူတွေရဲ့နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်မပြန်ကြဖို့ ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts