“ နောက်တစ်ကြိမ် ‘ မြေစာပင်’ မဖြစ်ချင်တော့ ”

မော်ဦးမြာ

လွိုင်ကော်မြို့ကနေ မိုင် ၄ဝ ကျော် သွားရတဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်ပါတယ်။

မြောက်ပိုင်းမှာ ရှိတဲ့ ကျေးရွာအများစုဟာ တစ်ရွာနဲ့တစ်ရွာ ဝေးကွာလှတဲ့အပြင် ဆက်သွယ်ရေး မဆိုထားနှင့် လမ်းခရီးကို ခြေကျင် နှင်ရပြီး တောတောင်တွေကို ဖြတ်သန်းကာ တရွာနှင့်တရွာ ကူးလူးသွားလာနေရပါတယ်။

ကားရောက်ဖို့ ဝေလာဝေး။ ဆိုင်ကယ်တောင် အနိုင်နိုင် သွားလာနေရတဲ့ လမ်းခရီးဖြစ်ပါတယ်။
“ သွားလာဖို့၊ လမ်းပန်းဆက်သွယ်ရေးလည်း အဆင်မပြေဘူး။ ဆိုင်ကယ်တောင် ကောင်းကောင်းသွားလာလို့ မရဘူး။ ကားဆို ပိုဆိုးတယ်။ ခြေကျင်ပဲ လျှောက်နေရတော့ ခက်ခဲပါတယ်။ တောထဲ၊ တောင်ထဲပဲ နေရတာ။ ခက်ခက်ခဲခဲ နေထိုင်ရပါတယ်။” လို့ ဒေါတနောကျေးရွာ ဥက္ကဌ ဖြစ်သူ အသက် ၅၀ အရွယ် ဦးမူးရယ်က သူတို့ရွာရဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေကို ပြောပြရင်း ညည်းတွားပါတယ်။

တနော်ကလုကျေးရွာ မြင်ကွင်းတခု


ဒေါတနောကျေးရွာကို ရောက်ဖို့ လွိုင်ကော် – ရှားတောလမ်းပေါ်က ဒေါကလော်လဲကျေးရွာမှာရှိတဲ့ လမ်းခွဲအတိုင်း သွားပြီး ရွာမရောက်ခင် လမ်းရဲ့ သုံးပုံတစ်ပုံမှာ ရှိတဲ့ ဒေါဝယ်ရောကျေးရွာအထိ ကား၊ ဆိုင်ကယ် လမ်းခရီးပေါက်ပြီး အဆင်ပြေပြေ သွားလာနိုင်ပေမဲ့ ဒေါဝယ်ရောကျေးရွာမှ စတင်ကာ ခြေကျင်ဖြင့် ၃ နာရီခန့် ကြာအောင် သွားရပါသေးတယ်။

ဒေါတနောရွာသာမကပဲ ဒေါတနောကနေ ၂ နာရီ ခန့် ခြေကျင်လျှောက်ပြီး သွားရသေးတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရဲ့ နယ်စပ်မှာ ရှိတဲ့ တနော်ကလုကျေးရွာကို ခြေလျင်ခရီးဖြင့် ဆက်ခဲ့ရပါတယ်။

ဒီလိုနယ်မြေဒေသဘက်ရဲ့ လမ်းပန်းဆက်သွယ်ရေးဖွ့ံ့ဖြိုးရေးနဲ့ပတ်သက်လို့ ၂၀၁၅ မတိုင်ခင်က မြေသားလမ်းမပေါက်တဲ့ ကျေးရွာတွေမှာ ၃ နှစ်စာ စီမံကိန်းတွေရေဆွဲပြီး ကျေးရွာအရောက် မြေသားလမ်းတွေလုပ်နိုင်ခဲ့တဲ့အပြင် ပြည်ထောင်စုမှာ အမည်မပေါက်သေးတဲ့ရွာတွေအတွက်လည်း ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေနဲ့ ပြည်နယ်ရဲ့ဘဏ္ဍာငွေပေါင်းပြီးဖွံ့ဖြိုးရေးလုပ်ငန်းတွေ လမ်းတွေဆောင်ရွက်ခဲ့တဲ့အတွက်လည်း ကျေးနပ်အားရမိတယ်လို့ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဝင့်ဝါက ပြောပါတယ်။

“ရှားတောက ဒေသခံရှားတောက နိုင်ငံသား တွေသည် နိုင်ငံသားအခွင့်အရေး ရရမယ်။ နိုင်ငံသားအခွင့်အရေးကို သိရမယ်။ နိုင်ငံသားတခုလုံးရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ ငါတို့ပါရမယ်ဆိုတဲ့အသိနဲ့ အားလုံးပါဝင်လာရမယ်ဆိုတဲ့ အသိစိတ်နဲ့ ကျမ ရှားတောကို အခြေချခဲ့တာဖြစ်တယ်။ အဲဒီအတိုင်းပဲ ကျမတာဝန်ယူခဲ့ရတာ ဒီလေးနှစ်သာ သက်တမ်းကာလမှာ ကျမ လုပ်ကိုင်ဆောင်ရွက်တဲ့ ကိစ္စ အဝဝတိုင်းနီးပါးပေါ့ ၁၀၀ ရာခိုင်နှုန်းတော့ အပြည့်မဖြစ်ပေမယ့် ၉၀ ရာခိုင်နှုန်းလောက်ထိက ကျမလူထုနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လူထုနဲ့ ပူးပေါင်းပါဝင်မှုကတော့ အတိုင်းအတာတခုထိတော့ ကျမ အားရကျေနပ်မှုရှိတယ်”
လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲနေဆဲဖြစ်တဲ့ ရှားတောမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေ အားလုံးဟာ ယခင် ၁၉၉၆၊ ၉၇ ခုနှစ် မတိုင်ခင်မှာ ရှားတောမြို့ နယ်အတွင်း ရွာပေါင်း ရာကျော် တည်ရှိခဲ့တာဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်တုန်းကဆိုရင် ရှားတောမြို့နယ်မှာ အထက်ပါ ကျေးရွာအုပ်စု ၃ အုပ်စုအပါအဝင် သံလွင်အရှေ့ခြမ်းအုပ်စု ဆိုပြီး ကျေးရွာအုပ်စု ၄ အုပ်စုရှိခဲ့တယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အချက်အလက်မှာ ဖော်ပြပါရှိပါတယ်။

အခုချိန်မှာတော့ မြောက်ပိုင်းကျေးရွာအုပ်စု၊ တောင်ပိုင်းကျေရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စု ဆိုပြီး အုပ်စု ၃ အုပ်စုသာကျန်ရှိပြီး စုစုပေါင်း တစ်မြို့နယ်လုံးမှ ကျေးရွာ ၂၀ သာရှိပါတယ်။
နယ်မြေမအေးချမ်းခင်တုန်းက ရိက္ခာဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ ဖြတ်တောက်ခြင်း၊ သတင်းအဆက်အသွယ် ဖြတ်တောက်ခြင်း၊ လူထုနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်း စတဲ့ ဖြတ်လေးဖြတ် အစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ကာလမှာ စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရမှုကြောင့် ကျေးရွာတွေ ပျောက်သွားကုန်တာဖြစ်ပါတယ်။

အဲဒီနောက် အများစုက နယ်စပ်ဒုက္ခသည်စခန်းဘက် တိမ်းရှောင်ခဲ့ကြပြီး တချို့ကတော့ ရှားတော မြို့ပေါ် စုစည်းရွာတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

အဲ့ဒီ ကျေးရွာတွေကို အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၈ မတ်လ ၃၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရသိရပါတယ်။
ကျေးရွာ ၂ဝ ဆိုတာကတော့ အစိုးရရဲ့ ပြည်ထဲရေးမှာ အမည်ပေါက်တဲ့ စာရင်းတွေပဲ ဖြစ်ပါတယ်။ အမည်မပေါက်သေးတဲ့ ရွာစာရင်းတွေလည်း ဆယ်ဂဏန်းလောက် ရှိနေပါသေးတယ်။

ရှားတောမြို့နယ်အတွင်း ပြန်လာနေထိုင်ကြတာ တချို့ရွာက နှစ်ပေါင်း ၂၀ လောက် ရှိပြီး တချို့ရွာတွေကတော့ ဆယ်နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။

“စစ်ရဲ့ မြေစာပင်” လို့တောင် သတ်မှတ်လို့ရတဲ့နေရာတွေပါ။ နယ်မြေတည်ငြိမ်စပြုလာတဲ့ အချိန်မှာ တစ်အိမ်စ၊ နှစ်အိမ်စ ကနေ စပြီး နေရပ်ကို ပြန်လည်အခြေချ နေထိုင်ခဲ့ကြပါတယ်။
နှစ်ပေါင်းအတော်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရာကနေ တချို့သော ဒေသခံတွေက လုပ်ကိုင်စားသောက်ဖို့ ကျေးရွာတွေပြန်ပြီး တောင်ယာပြန်လာလုပ်ကြရင်း တဖြည်းဖြည်း အခုလို ပြန်လည်အခြေချလာကြတာဖြစ်ပါတယ်။

ဒေါမူလဲကျေးရွာ မြင်ကွင်းတခု

စစ်ရဲ့ ပဠိပက္ခကြားမှာ အားလုံးကို စွန့်လွတ်လိုက်ရပြီး အသစ်တဖန် ပြန်လည် အစပျိုးလာတဲ့ ရှားတောမြို့နယ် မြောက်ပိုင်းက ဒေသခံတွေအတွက်တော့ ယနေ့အထိ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဝယ်ပိုက်ပြီး ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။

သူတို့အတွက် “ရေကြည်ရာ မြက်နုရာ” ဆိုတာကလည်း မရှိသလောက်ကို ရှားပါးသွားပါပြီ။ လက်ရှိ နေထိုင်တဲ့ နေရာတွေက သူတို့အတွက် အဆင်ပြေလှတယ်လို့ မဟုတ်ပေမဲ့ တခြားသောနေရာကို ထပ်မံရွေ့ပြောင်းရမဲ့ ဒုက္ခကို ရင်မဆိုင်နိုင်တော့တဲ့အတွက် ဖြစ်လာသမျှ အခက်အခဲ၊ စိန်ခေါ်မှုတွေကို အံတုပြီး ရှင်သန်နေရတာပါ။

“ဒီမှာနေတာ ပိုပြီးတော့ အဆင်ပြေတာ စားရ၊ သောက်ရတာ မဟုတ်ဘူး။ ပင်ပန်းဆင်းရဲနေလို့ ကြိတ်မှိတ်ပြီး နေကြတာ။” လို့ ဒေါတနောကျေးရွာမှာ ဦးမူးရယ်က ပြောပါတယ်။
စားဝတ်နေရေးအတွက်တောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ သူတို့အတွက် ပညာသင်ကြားရဖို့ဆို အလှမ်းဝေးလှပါတယ်။

မြောက်ပိုင်းအုပ်စုထဲမှ လမ်းခရီးပေါက်ပြီး အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံကို ပိုင်ဆိုင်ထားတဲ့ သီရိဒါးကျေးရွာရှိ လူငယ်တွေတောင် ဆယ်တန်းအောင်ပြီး အစိုးရဝန်ထမ်း ဖြစ်သွားတဲ့ ဆယ်ဂဏန်းသာ ရှိပါသေးတယ်။ သီရိဒါးကျေးရွာဘက်ကနေ ခရီးကို ခြေကျင်နှင်ရတဲ့ ကျေးရွာတွေမှာတော့ ဆယ်တန်းကို ပြီးဆုံးအောင် တက်ရောက် ပညာသင်ကြားခဲ့သူတောင် မရှိနိုင်သေးပါဘူး။

၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုမှာ ၂ ဦးသာ ရှိခဲ့ပြီး ၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုမှာ ၈ ယောက်သာ ရှိခဲ့ပါတယ်။

“ကျတော်တို့က စာမသင်ရတော့ သူများပြောတာတွေလည်း အကုန် နားမလည်နိုင်ဘူးလေ။ အဲ့ဒါတွေက ကျတော်တို့ရဲ့ အဓိက အားနည်းချက်ဖြစ်နေတယ်။” လို့ ဒေါကလော်လဲကျေးရွာ ဥက္ကဌ ဦးဌေးရယ်က သူ စာမသင်ခဲ့ရတဲ့အတွက် ကျေးရွာအတွက် အလုပ်လုပ်ရတဲ့ အချိန်မှာ အခက်အခဲတွေ ရှိတယ်လို့ ပြောပါတယ်။

စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကိုသာ အဓိကထား အမှီပြုရတာဖြစ်ပြီး ရာသီဥတုမကောင်းတာ၊ သဘာဝဘေးဖြစ်တာ စတာတွေကို ကြုံတွေ့လာခဲ့ရင်တော့ စားဝတ်နေရေးအတွက် အလွန်ခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမကတော့ တောင်ယာပဲ လုပ်တယ်။ လယ်လည်း မရှိဘူး။ စားဖို့လည်း မလောက်ဘူးလေ။ ကျမက တစ်ယောက်တည်းပဲ အလုပ်လုပ်တယ်။” လို့ တနော်ကလု ကျေးရွာမှ အသက် ၃၀ အရွယ် မုဆိုးမဖြစ်ပြီး ကလေး သုံးယောက်ကို ကျွေးမွေးပြုစုရတဲ့ ဒေါ်ခိမိုက အသက် ၅ နှစ်အရွယ် အငယ်ဆုံး သားလေးကို ပေါင်ပေါ်တင်ရင်း သူမတို့ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲကို ပြောပြပါတယ်။

ရှားတောမြို့နယ်မှာရှိ ကျေးရွာတွေက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်တယ်လို့ ရှားတောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ၂၀၁၈ မတ်လ ၃၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ကယား ( ကရင်နီ) ပြည်နယ်အတွင်းတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP ) ကတော့ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

အရင်နှစ်တွေမှာလည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နယ်မြေထဲကို စစ်တပ်က အကြောင်းမကြားပဲ ဝင်ရောက်လာတယ်လို့ ဆိုပြီး သတိပေးတဲ့အနေနဲ့ သေနတ်ဖောက်တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ အတွင်းမှာ ဒေါလယ်ခူကျေးရွာအနီးမှာ စစ်တပ်နဲ့ KNPP တို့ ပဋိပက္ခ အနည်းငယ် ဖြစ်ပွားခဲ့ပါသေးတယ်။

တနော်ကလုကျေးရွာနေ အသက် ၇၀ အရွယ် ဒေါ်မိမယ်က ကယားခေတ်ဟောင်းဝတ်စုံကို ဝတ်ပြီး ပအို့ဝ် ဝတ်စုံ အပြင်ထပ်ကို အနွေးထည်အဖြစ် ဝတ်ဆင်ကာ ကွမ်းလေးတဝါးဝါးနဲ့ သူမနဲ့ မိသားစု ပြေးလွှားခဲ့ရတဲ့ အတိတ်ကို ရေပက်မဝင်အောင် ပြန်ပြောင်းပြောပြရင်း “ပင်ပန်းတယ်။ ကျမက ပြန်ပြီး မတိုက်စေချင်တော့ဘူး။ မပြေးနိုင်တော့ဘူး။ အသက်လည်း ကြီးနေပြီ။ တောထဲမှာလည်း သွားပုန်းနေခဲ့ရတယ်။ မပြေးချင်တော့ဘူး။ ပုန်းလည်း မပုန်းချင်တော့ဘူး။ အခုတော့ မပစ်ကြတော့ဘူးဆိုတော့ နည်းနည်း သက်သာပါတယ်။ ပြန်ပြီး မတိုက်ခိုက်ကြပါနဲ့တော့။” လို့ သက်ပြင်းချလိုက်၊ ကွမ်းတံတွေးထွေးလိုက်နဲ့ ပြောနေပါတော့တယ်။

ရှားတောမြို့နယ် အရင်စစ်အစိုးရလက်ထက်မှာ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အခုချိန်မှာတော့ ရှားတောမြို့နယ်ဟာ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ဒေသ ဖြစ်ပါတယ်။

အရင်လို မပြေးချင်တော့ဘူးလို့ သီရိဒါးကျေးရွာမှာ နေထိုင်တဲ့ ဦးစေရယ်က ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့် ပြောဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းစေချင်တယ်။ မပြေးရ၊ မလွှားရတော့ရင် ပိုကောင်းမလားလို့ အမြဲတွေးတယ်လေ။ အရင်က အချိန်တွေကို ပြန်တွေးကြည့်ရင် လုပ်ကိုင်စားသောက်လို့ မရဘူး။ မစားရ၊ မသောက်ရဘူး။ အများကြီး ခံစားခဲ့ရဖူးတော့ စိတ်ထဲမှာက အမြဲတမ်း စိုးရိမ်ကြောက်လန့်နေရတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေရရင် ပိုပြီးတော့ သက်သာတယ်လေ။ စိတ်လည်း အေးချမ်းရတယ်။”

Comments

comments

Next Post

Kayan Radio July 1st Week

Fri Jul 3 , 2020
အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း)ဒီတပတ်မှာတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်မရောက်သေးဘူးလို့ က.လ.လ.တ ပြောဆိုလိုက်တဲ့သတင်း၊ ပြည်နယ်အစိုးရ စက်ယန္တရားငှားရန်းခ ပြည်သူ့ဘဏ္ဍာငွေထဲမရောက်ဘူးဆိုတဲ့သတင်းနဲ့ ပိုးနှစ်ပိုးနဲ့ ပြောင်းစိုက်တောင်သူတွေရဲ့ ဘဝအကြောင်းတို့ အပြင် မိုးရာသီရောက်ပြီဖြစ်တဲ့ သီချင်းလက်ဆောင်အနေနဲ့ John D Bosco ရေးစပ်ထားပြီး Arr Paing သီဆိုထားတဲ့ ‘Kancangu’ ဆိုတဲ့ မိုးရာသီနဲ့လိုက်ဖက်တဲ့ ကယန်း သီချင်းကောင်းလေးတစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Comments comments