ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒိီးမော့ဆိုမြို့နယ် ဒီးမော့ဆို − ဖရူဆို ပြည်ထောင်စု လမ်းမကြီးပေါ်ကို ပြီးခဲ့တဲ့ သြဂုတ်လ (၂)ရက်နေ့ကတည်းက စစ်ကောင်စီဟာ စစ်ကြောင်းထိုးလာပြီး ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ ဒီကနေ့ထိ ထိတွေ့ တိုက်ပွဲ ပြင်းထန်ဆဲလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေများနေပြီး စစ်ကောင်စီရဲ့ ပြည်နယ်အခြေစိုက်တပ်တွေက တာဝေးပစ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ၊ လေကြောင်းပစ်ခတ်မှုကို မကြာခဏ အသုံးပြုတာတွေ ပြုလုပ်နေပါတယ်။
နေ့စဥ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြပြီး လမ်းခရီး သွားလာလို့ မရတာတွေကြောင့် ရေရှည်မှာ စားဝတ်နေရေး ပိုမိုခက်ခဲလာပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
ဦးနျားရယ်
စိုးရိမ်ပူပန်မှုတော့ ရှိတာပေါ့။ ကျနော်တို့ စားသောက်ဖို့အတွက် ကုန်ပစ္စည်းတွေကလည်း ဒီးမော့ဆို −ဖရူဆို ပြည်ထောင်စုလမ်း ကိုပဲ အားကိုးရတယ်။ ရိက္ခာတို့ဆိုရင်လည်း အလှူရှင်နားပဲ မှီခိုနေရတယ်။ လမ်းကသွားလာလို့မရတော့ရင် ရိက္ခာတွေ ကို ဘယ်ကနေ သယ်ရမလဲ။ မစိုက်ပျိုးနိုင်တဲ့သူတွေလည်း ဘယ်ကနေ စားသောက်ဖို့ ယူရမလဲပေါ့။ နောက်ပြီး နည်းနည်းပါးပါး စိုက်ပျိုးတဲ့သူတွေ ဥပမာ နှမ်းစိုက်တဲ့သူတွေဆိုရင် ဘယ်ကနေ သွားရောင်းရမလဲပေါ့။ အဲ့လို စိုးရိမ်မှုတွေရှိတာပေါ့။
ဒေါ်ပလျားမြာ
ရက်တိုင်းစိတ်ဆင်းရဲရတယ်၊ ရက်တိုင်း စိုးရိမ်ပူပန်ရတယ်။ လုပ်ကိုင်စားသောက်လို့လည်းမရဘူး။ ညဆိုရင်လည်းအိပ်မပျော်ဘူး။ လေယာဉ်သံပဲ နားစွင့်နေတော့တယ်။ ခနနေ သူပစ်ချမလားဆိုပြီး တွေးနေရတယ်။ အကယ်၍ ပြေးရမယ်ဆိုရင် ထွက်ပြေးဖို့ဆိုလည်း အဖွားတို့က အသက်ကြီးတော့ ပြေးလည်းမပြေးတတ်တော့ဘူး။ တအားခက်ခဲတယ် ဟိုးအရင်ကလို မဟုတ်တော့ဘူး။
ဒေါ်နျားမြာ
ဖျားနာရင် ဘယ်ကိုသွားရမလဲ ဘယ်နားသွားကုရမလဲ အဲ့တစ်ခု။ သွားလို့ရရင်တောင် သွားလာစရာမရှိဘူး။ အဲ့ကြောင့် ဒီမှာရှိတဲ့ ဆရာ၊ ဆရာမတွေကိုပဲ တွေးမိတယ်။ အနီးနားပဲ တွေးတယ်၊ အဝေးဆိုလည်းမသွားနိုင်ဘူး။ သေသေရှင်ရှင် အဲလိုပဲ တွေးရတော့မာပေါ့။
စစ်ရှောင်တစ်ဦး
ဘာတွေခက်ခဲလဲဆိုတော့ ကျနော်တို့ ဆေးကုသဖို့ဆိုရင် ဆေးရုံ၊ ဆေးခန်း မရှိတော့ဘူး။ ဆေးရုံးတွေကလည်း တိုက်ပွဲတွေ ဖြစ်တဲ့နေရာတွေဖက်ပဲရှိတော့တယ် မသွားရဲတော့ဘူး။ အဲတော့ ဒီလိုပဲ ဖျားနာရင်လည်း ဒီအတိုင်းပဲ နေရတယ်။ လမ်းတွေလည်းပိတ်ကုန်တယ်။ ဟိုးဖက်ခြမ်းတွေမှာဆိုရင် ပစ်ခတ်သံတွေ ရက်တိုင်းကြားရတယ်။ ဘယ်မှလည်း မသွားရဲတော့ဘူး။
ဦးတီရယ်
တိုက်ပွဲကြောင့် ကျနော်တို့ ဒီးမော့ဆို အရှေ့ခြမ်းမှာ စစ်ရှောင်နေရတယ်။ အကယ်၍လမ်းက သွားလာလို့မရတော့ဘူးဆိုရင် စားဖို့အတွက် သွားဝယ်တာတွေ မရတော့ရင် စားသောက်ကုန်တွေ စျေးတက်မယ်။ ပြည်သူတွေလည်း ဝင်ငွေမရှာနိုင်ဘူးဆိုရင် စားသောက်ဖို့အတွက် ပူပန်ရမယ်။ နောက်ပြီး ဖျားနာရင်လည်း ဆေးကုသသွားဖို့ ခက်မယ်။ မဟုတ်ရင်လည်း အချိန်မီ မရောက်နိုင်တာတွေရှိရင် အသက်ဆုံးနိုင်တာတွေရှိတယ်။ ခက်ခဲစိန်ခေါ်မှုတွေတော့ရှိမာပေါ့ ရှေ့ဆက် အဲ့ဒီလမ်းမကို စစ်ကောင်စီက ဆက်ရှိနေမယ်ဆိုရင်ပေါ့။ တခြားလမ်းတော့ ရှိရင်ရှိပေမယ့် ပိုဝေးမယ် ကြန့်ကြာမယ် ကုန်စျေးတွေလည်းတက်မယ်။ ဝင်ငွေမရှိရင် ပြည်သူတွေ ပိုဒုက္ခရောက်မယ်ပေါ့ ဒီ ပြည်ထောင်စုလမ်းမ အရှေ့ခြမ်းမှာနေတဲ့သူတွေအတွက်။