ကန္တာရဝတီတိုင်း(မ်)
နှစ်တနှစ်ရဲ့ နွေရာသီကာလအတွင်းကို တဖြည်းဖြည်းဝင်ရောက်လာနေပြီ ဖြစ်တာ ကြောင့် နေ့အပူချိန်တွေလည်း တဖြည်းဖြည်း မြင့်တက်လာပြီဖြစ်ပါတယ်။
လက်ရှိ ၂၀၂၅ ခုနှစ်ရဲ့ အပူချိန်ဟာ ပြီးခဲ့တဲ့နှစ် (အယ်လ်နီညိုဖြစ်ခဲ့တဲ့ ၂၀၂၄) ထက် အပူချိန်ထက် လျော့နည်းတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ လာမယ့် ဧပြီလအတွင်းမှာ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေ မှာတော့ ဧပြီလရဲ့ ပျမ်းမျှဖြစ်မြဲအပူချိန်တွေရဲ့ အထက် ၀.၂°C မှ ၀.၅°C အထိ ပိုမိုပူပြင်းနိုင်တာကို တွေ့ရတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
နွေရာသီမှာ ပူပြင်းခြောက်သွေ့တာတွေနဲ့ နေ့ခင်းဘက်မှာ မြင့်တက်လာတဲ့အပူရှိန်ဒဏ်တွေကြောင့် ဖြစ်လာနိုင်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ အပူဒဏ်လွန်ကဲပြီး သတိလစ်တာ၊ အပူငုပ်တာနဲ့ အပူရှပ် တာတွေကို မပေါ့ဆသင့်ပါဘူး။
အထူးသဖြင့် ချွေးထွက်များတဲ့ ဒီလိုနွေရာသီကာလမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်းတာ (သို့မဟုတ်) ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ဘာကြောင့်ခန္ဓာကိုယ် အတွင်း ရေဓာတ်လျော့နည်းတာ (သို့မဟုတ်) ရေဓာတ်ခန်းခြောက်တာ ဖြစ်လာရသလဲ၊ ဘယ်လို အသက်အန္တရာယ်ဖြစ်စေသလဲ ဆိုတာကို ကန္တာရဝတီတိုင်း(မ်) ပရိတ်သတ်တွေကို မျှဝေပေးချင်ပါတယ်။
ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်းခြင်း (သို့မဟုတ်) ရေဓာတ်ခန်းခြောက်ခြင်း ဆိုတာဘာလဲ
လူတဦးမှာ သောက်သုံးတဲ့ အရည်ပမာဏထက် ကိုယ်ခန္ဓာကနေ အသုံးပြုတဲ့ ပမာဏကပိုများနေရင် ရေဓာတ်ခမ်းခြောက်တာကို ဖြစ်ပေါ်စေပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ချွေးအလွန်အမင်းထွက်တာ၊ အန်တာ နဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေကြောင့်ပါ။
ခန္ဓာကိုယ်အတွင်း ဆုံးရှုံးသွားတဲ့ အရည်တွေကို အချိန်မီအစားမထိုးနိုင်ရင် ရေဓာတ်ခန်းခြောက်တာ (dehydration)ကို ဖြစ်လာစေပါတယ်။ လူတဦးနဲ့တဦးမှာ ရေဓာတ်ခန်းခြောက်တာခြင်း မတူနိုင်ပါဘူး။ အားကစားသမားတဦးဟာ သာမာန်လူတဦးထက် ရေဓာတ်ပိုမိုလိုအပ်သလို အပူပိုင်းဒေသမှာ နေထိုင်တဲ့ သူတွေကလည်း အအေးပိုင်းမှာ နေထိုင်နဲ့ သူတွေထက် ရေကို ပိုမိုလိုအပ်ပါတယ်။
လူတဦးမှာ ကိုယ်ခန္ဓာထဲကနေ ရေအများအပြား ဆုံးရှုံးသွားတဲ့အခါ ဆဲလ်တွေ၊ တစ်သျှူးတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာတာပါ။ ရေဓာတ်ခန်းခြောက်တာကို အချိန်မီ မဖြည့်တင်းနိုင်ရင် သွေးလန့်ခြင်းထိ ဖြစ်နိုင် ပါသေးတယ်။
ဘယ်သူမဆို ရေဓာတ်ခန်းခြောက်တာ ဖြစ်နိုင်ပေမယ့် နေပူထဲအလုပ်လုပ်ရသူတွေ၊ အားကစားသမား တွေ၊ နာတာရှည်ရောဂါခံစားရသူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာ အန္တရာယ်ပိုများပါ တယ်။

ရေဓာတ်လျော့နည်းခြင်း (သို့မဟုတ်) ရေဓာတ်ခန်းခြောက်ခြင်းတွေရဲ့ လက္ခဏာများ
ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေဟာ သိပ်မပြင်းထန်တဲ့ အခြေအနေနဲ့ ပြင်းထန်တဲ့ အခြေ အနေပေါ်မူတည်ပြီး ကွာခြားပါတယ်။ ဒါ့အပြင် ကလေးနဲ့ လူကြီးတွေမှာ ပြလေ့ရှိတဲ့လက္ခဏာတွေချင်းလည်း ကွာခြားပါတယ်။
သိပ်မပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေကတော့ ပင်ပန်းနွမ်းနယ်တာ၊ အာခေါင် ခြောက်တာ၊ ရေငတ်တာ၊ ဆီးသွားနည်းတာ၊ မျက်လုံးခြောက်တာ၊ အရေပြားခြောက်သွေ့တာ၊ ဝမ်းချုပ် တာ၊ မူးဝေတာနဲ့ ခေါင်းကိုက်တာတွေကို ခံစားရတတ်ပါတယ်။
ဆိုးရွားပြင်းထန်တဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို ခံစားရပြီဆိုရင် သိပ်မပြင်းထန်တဲ့ လက္ခဏာတွေအပြင် အလွန်အမင်းရေငတ်တာ၊ ချွေးမထွက်တော့တာ၊ သွေးပေါင်ကျတာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူမြန် လာတာ၊ အရေပြားတွန့်ခေါက်လာတာ၊ မျက်ကွင်းချိုင့်တာနဲ့ ဆီးမည်းသွားတာ စတဲ့ လက္ခဏာတွေကို ပြလေ့ရှိပါတယ်။
မွေးကင်းစနဲ့ ကလေးငယ်တွေမှာတော့ အာနဲ့ လျှာခြောက်တာ၊ ငိုတဲ့အခါ မျက်ရည်မထွက်တော့တာ၊ အချိန် ၃ နာရီအတွင်း ဆီးမသွားတာ၊ မျက်တွင်းနဲ့ ပါးတွေ ချိုင့်တာ၊ ငယ်ထိပ် ချိုင့်တာ၊ နုံးတာ စတဲ့ လက္ခဏာတွေအပြင် စိတ်ဆိုးမာန်ဆိုးဖြစ်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။
အထူးသတိပြုရမှာက ရေဆာတိုင်း ရေဓာတ်လျော့နည်းနေပြီလို့ ပြောလို့မရပါဘူး။ ပြင်းထန်တဲ့ ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာတွေရှိပြနေပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူရမှာဖြစ်ပါတယ်။
အပူရှိန်များတဲ့ နွေရာသီမှာ ခန္ဓာကိုယ်တွင်းရေဓာတ်မဆုံးရှုံးအောင် ဘယ်လိုနေထိုင်မလဲ
အာဟာရပညာရှင်တွေရဲ့ အကြံပြုချက်အရ အရွယ်ရောက်ပြီး အမျိုးသမီးတဦးဟာ တနေ့တာအတွက် ရေလိုအပ်ချက်မှာ ၂ လီတာ (ရေဖန်ခွက် ၈ ခွက်) ၊ အရွယ်ရောက်ပြီး အမျိုးသားတဦးဟာ တနေ့တာ အတွက် ရေလိုအပ်ချက်မှာ ၃ လီတာ နဲ့ ၄ လီတာကြား (ရေဖန်ခွက် ၁၂ ခွက်မှ ၁၆ ခွက်) အထိ သောက်သုံးပေးရမယ်လို့ ဆိုပါတယ်။ ဒါဟာ ပမာဏအနည်းဆုံး သောက်သင့်တဲ့ အချက်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး ပိုသောက်သုံးရမှာဖြစ်ပါတယ်။
နေထိုင်မကောင်းဖြစ်ချိန်မှာ အရည်များများသောက်ပါ။ အထူးသဖြင့် အန်နေချိန်၊ ဝမ်းပျက်နေချိန်မှာ ရေပိုသောက်သုံးရမှာဖြစ်ပြီး၊ ရေအပြင် စွပ်ပြုတ်ရည်၊ သစ်သီးဖျော်ရည် စတာတွေကို ပိုသောက်ပေး ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်းမလုပ်ခင်နဲ့ ကာယအားကစား မလုပ်ခင်မှာတော့ ရေကြိုသောက်ထားပေးရပါမယ်။ ပူအိုက်တဲ့ အချိန်တွေမှာ ချောင်ချိအေးမြတဲ့ အဝတ်အတည်တွေကို ဝတ်ဆင်ပြီး နေရောင်ခြည် (ဒါမှမဟုတ်) နေနဲ့ တိုက်ရိုက်အပူနဲ့ မထိတွေ့အောင်နေရပါမယ်။
ပုံမှန်လှုပ်လှုပ်ရှားရှား မရှိတဲ့ အချိန်တွေမှာတော့ သောက်သင့်တဲ့ တနေ့တာ အရည်ပမာဏကိုပဲ သောက်သုံးရမှာဖြစ်ပါတယ်။
ရေဓာတ်လျော့နည်းခြင်း (သို့မဟုတ်) ရေဓာတ်ခန်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ
လေ့ကျင့်ခန်းလုပ်ပြီး ချွေးများများထွက်တဲ့သူတွေ လုံလုံလောက်လောက် ရေပြန်မသောက်ရင် heat injury ( ခန္ဓာကိုယ် အပူလွန်ကဲပြီး ဒဏ်ရာရခြင်း) ကို ဖြစ်စေနိုင်ပါတယ်။ အဲဒီနောက်ဆက်တွဲ အနေနဲ့ ကြွက်တက်တာ၊ ကိုယ်အပူချိန်များလာပြီး ချွေးထွက်လွန်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ သွေးခုန်နှုန်း မြန်လာတာတွေ ဖြစ်တတ်ပါတယ်။
ဒါတွေအပြင် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်တဲ့အချိန်ကြာလာတဲ့အခါ (ဒါမှမဟုတ်) ရေဓာတ်လျော့နည်းမှု မကြာခဏ ဖြစ်တဲ့အခါ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကျောက်ကပ် ကျောက်တည်တာနဲ့ ကျောက်ကပ် ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါသေးတယ်တယ်။
လူတဦးမှာ ရေဓာတ်ခန်းခြောက်ခြင်း အလွန်အမင်းခံစားရတဲ့အခါ (သို့မဟုတ်) ခန္ဓာကိုယ်တွင်း ရေဓာတ် လုံးဝမရှိတော့တဲ့အခါမှာ သွေးထုထည်နည်းသွားပြီး သွေးဖိအားနဲ့ သွေးတွင်းအောက်စီဂျင် ပမာဏ လျော့နည်းသွားတဲ့အတွက် အသက်အန္တရာယ်ကိုဖြစ်စေနိုင်ပါတယ်။