ကန္တာရဝတီတိုင်း ( မ် )
ယနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး၊ နှစ်ဆန်း ၁ ရက်နေ့မှာ မြန်မာနိုင်ငံအတွင်း အကျဥ်းထောင်အသီးသီးက အကျဥ်းသူ၊ သား ပေါင်း ၄၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အခုလို လွတ်ငြိမ်းခွင့်ပေးတာဟာ နိုင်ငံတော်ရဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူမှုရေးအရ ငဲ့ညှာပေးတဲ့အနေနဲ့ လွတ်ငြိမ်းခွင့်ပေးတာဖြစ်တယ်လို့ ဆိုထားပါတယ်။
“နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
အလားတူ စစ်ကောင်စီက ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) အရ ပြစ်မှုများ၊ ၁၉၄၉ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေရပြစ်မှုများ၊ ၁၉၅၁ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန်ပအရ ပြစ်မှုများ၊ ၂၀၂၃ခုနှစ် လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်ဒဏ်ချမှတ်ခံထားရသူများကိုလည်း ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုထားပါတယ်။
စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေးတဲ့အထဲ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ ပါဝင်ခြင်း ရှိ၊ မရှိ စုံစမ်းမေးမြန်းဆဲဖြစ်တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ပြောပါတယ်။
နေ့ထူးနေ့မြတ်ရက်တွေမှာ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပေးတာကို အကျဥ်းထောင်အတွင်းက အကျဥ်းသားတွေအနေနဲ့လည်း လွတ်ငြိမ်းခွင့်ရဖို့ မျှော်လင့်နေကြရတယ်လို့ အကျဉ်းထောင်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ယနေ့ နှစ်ဆန်း ၁ရက်နေ့မှာ လွတ်ငြိမ်းခွင့်ရသူတွေထဲ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၂ ၊ သေဒဏ်၊ ထောင်တစ်သက် စတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်ငြိမ်းခွင့်ထဲမှာ မပါဝင်ဘူးလို့ နိုင်ငံရေးအကျဥ်းသူအဖွဲ့(WOPP) က ထုတ်ပြန်ထားတာ ရှိပါတယ်။
WOPP က ကနဦး ထုတ်ပြန်ချက်အရ လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ/သားတွေကတော့ ပြည်ထောင်မှာ အမျိုးသမီး ၄ဦး နဲ့ အမျိုးသား ၅ဦး၊ သာယာဝတီထောင်မှာ အမျိုးသမီး ၂ဦး၊ ပခုက္ကူ ထောင်မှာ နိုင်ကျဉ်း၂ဦးတို့ ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား အချို့နဲ့ တခြားအမှုတွေကို လွတ်ငြိမ်းခွင့်ပေးပေမယ့် အရေအတွက်မှာ နည်းတယ်လို့ နိုင်ငံရေးအကျဥ်းသူအဖွဲ့က ပြောဆိုထားပါတယ်။