spot_imgspot_imgspot_imgspot_img
Tuesday, April 29, 2025
spot_imgspot_imgspot_imgspot_img

နှမ်းနဲ့ မြေပဲအထွက်နှုန်းနည်းတာကြောင့် မရောင်းချပဲ နောက်နှစ်အတွက် မျိုးစေ့အဖြစ်ထားရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ဒေသခံတွေ တနိုင်တပိုင် ပြန်လည်စိုက်ပျိုးကြတဲ့ နှမ်းနဲ့မြေပဲဟာ ယခုနှစ် ရာသီဥတုမမှန်တာကြောင့် ပျက်စီးမှုရှိခဲ့ပြီး အထွက်နှုန်းနည်းတာကြောင့် ရောင်းချဖို့ထက် ‌နောက်နှစ် မျိုးစေ့အတွက်သာ ဦးစားပေးချန်ထားရတယ်လို့ စိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။

နှစ်စဉ်စိုက်ပျိုးရာသီမှာ စားဝတ်နေရေးအတွက် ဖူလုံအောင် အထွက်နှုန်း ထွက်ရှိခဲ့ပေမယ့် ယခုနှစ်အတွင်းမှာတော့ စိုက်ခင်းတွေပျက်စီးပြီး အထွက်နှုန်းနည်းတယ်လို့ ‌အသက်၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ပုံမှန်နှစ်တွေတော့ စားရေးသောက်ရေးအတွက် အဓိက အဲ့ဒီ နှမ်း၊ မြေပဲစိုက်တာပဲလေနော်။ စိုက်ပြီးရောင်းပေါ့။ ပြီးရင်လိုအပ်တဲ့ဟာ တဆင့်ပြန်ဝယ်ပေါ့နော်။ ဒါပေမယ့် ဒီနှစ်ကတော့ ရောင်းချင်သလောက် မရောင်းနိုင်တော့ဘူး။ ရောင်းလိုက်ရင်လည်း နောက်နှစ် မျိုးစေ့မရှိရင် ပိုဆိုးဦးမှာလေ။ ဆိုတော့ အဓိက မျိုးစေ့အတွက်ပဲ အတတ်နိုင်ဆုံးချန်ရတာပေ့ါ။”လို့ ‌သူက ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်းမှာတော့ နှမ်းထက် မြေပဲမျိုးစေ့မျိုးဆံတွေ၊ ရှားပါးတာကြောင့် မြေပဲ စိုက်ပျိုးမှု ကို အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့တယ်လို့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“နှမ်းကတော့ တော်တော်များများ ပြန်စိုက်ကြတယ်။ မြေပဲပြန်စိုက်တဲ့သူက တော်တော်ကိုရှားတယ်။ ဘာလို့ဆို မြေပဲက စိုက်တဲ့ချိန် မျိုးစေ့ရှားတာရယ်၊ မဝယ်နိုင်ကြတာရယ်ဆိုတော့ ၁၀ အိမ်မှာ ၃အိမ်လောက်ပဲစိုက်နိုင်ကြတယ်ပြောလို့ရတယ်။”လို့ အဆိုပါအမျိုးသမီး က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လမှာ ကျေးရွာအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာမှုကြောင့် စိုက်ပျိုးရေးမလုပ်နိုင်ပဲ တစ်နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိမှာ နေရပ်ပြန်ပြီး ပြန်လည်စိုက်ပျိုးနေကြပေမယ့် တစ်နှစ်ကျော်ကြာ နှမ်းနဲ့ မြေပဲ မစိုက်ပျိုးရတာကြောင့် မျိုးစေ့ရှားပါးလာတယ်လို့ ဆိုပါတယ်။

“တချို့လူဆို စိုက်ပျိုးကြတဲ့အချိန် မျိုးစေ့ဖိုး မတတ်နိုင်ကြလို့ မဝယ်နိုင်ကြလို့ ဆိုပြီး ချေးတာတို့ အပြန်အလှန် ပေးချေးကြတဲ့သဘောနဲ့ ဥပမာ သီးနှံပြန်ထွက်ကြတဲ့အချိန်မှ ပြန်ပေးကြမယ် အဲ့လိုသဘောပေါ့။ အဲ့လိုလုပ်ကြတော့ မျိုးစေ့ မသန်တာတို့ မှန်းထားသလောက် မထွက်လာတဲ့အခြေအနေမှာ ချေးထားတာပြန်မဆပ်နိုင်တဲ့အပြင်ကို ပြန်ဆပ်ဖို့ လုံးဝမတတ်နိုင်ကြတော့တဲ့သူတွေလည်းရှိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာမှာ နှမ်းစိုက်ပျိုးကြတဲ့ဧက ၃၆၆ ရှိပြီး မြေပဲစိုက်ဧက ၁၅၀ ရှိတယ်လို့ တောင်သူတွေပြောပါတယ်။။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ နှမ်းပေါက်စျေး တစ်ပိဿာ ကျပ် ၈၀၀၀ နဲ့ မြေပဲ တစ်ပုံး ကျပ် ၁၂၀၀၀ ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts