ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
ပင်လောင်း – ဖယ်ခုံမြို့နယ်စပ်မှာရှိတဲ့ နန်းတုတ်ကျေးရွာအုပ်စုအတွင်းကို ရောက်ရှိနေတဲ့ အင်အား ၅၀၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ဇွန်လ ၂၅ ရက်နေ့မှာ ပြောပါတယ်။
“ပင်လောင်းမြို့နယ်ကနေပြီးတော့ ဖယ်ခုံမြို့နယ်ထဲကို စစ်ကောင်စီက အင်အား ၅၀၀ လောက်ပါတယ်။ ဒီစစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနေတယ်ပေါ့နော်။ အဲ့ဒီတော့ ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်ပေါ့နော်။ ၄ ၊ ၅ ရက်မကတော့ဘူးပေါ့နော်။ ဆိုတော့ ၁၀ ရက်နီးပါး ရှိပြီပေါ့နော်။” လို့ တာအယ်စိုးက ဆိုပါတယ်။
နှစ်ဖက်ထိတွေ့မှု အခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကနေ တစ်စုံတစ်ရာ ထုတ်ပြန်ချက် မထုတ်သေးပါဘူး။
တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ကျေးရွာ ၅ ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး ဆက်သွယ်ရေးလိုင်း အဆင်မပြေမှုတွေကြောင့် ကယ်ဆယ်ရေးဆောင်ရွက်တဲ့အခါလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ စစ်ဘေးရှောင် ကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။
“အခု အဲ့ဖက်မှာ ဖြစ်နေတုန်းပဲပေါ့နော် တိုက်ပွဲဖြစ်နေတုန်းပဲ။ ပိတ်မိတဲ့ ပြည်သူကတော့ သိပ်မရှိတော့ဘူးပေါ့နော်။ ဒီအနောက်ဖက် ကရင်နီပြည်ဖက် ကို ပြန်ပြီး ကယ်ထုတ်လာတာရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုလိုရှိနေသေးတယ် ရက်ရှည်ကနေ လရှည် ကြာမြင့်တဲ့ တိုက်ပွဲဖြစ်လာနိုင်တယ်ပေါ့။” လို့ ဖယ်ခုံ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်း ၊ လက်နက်ကြီးအဆမတန် ပစ်ခတ်မှုရှိခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးတိမ်းရှောင်နေစဉ်အတွင်းမှာလည်း ၁ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးဟာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဇွန်လတတိယပတ်အတွင်းမှာ အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ၊ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ဇွန်လ ၈ ရက်နေ့အထိ ရက်ပေါင်း (၁၄၀)အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင် ၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ရတဲ့ပြည်သူ ၅သောင်းကျော်ရှိနေပြီလို့ ပအိုဝ့်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားတာရှိပါတယ်။