“ပဋိပက္ခအလွန်မှာ ရှင်သန်ချင်သူများ”

မော်ဦးမြာ

ဘောလခဲမြို့ရဲ့အရှေ့ခြမ်းကို နာရီဝက်ခန့် (ကားဖြင့်) ခရီးနှင်သွားလိုက်ရင် ယခင် စော်ဘွားတွေဖြစ်တဲ့ စောလုံစော်ဘွား စောဖျာစဝ်လဖော် နေထိုင်ခဲ့တဲ့ စောလုံရွာကိုရောက်ပါတယ်။

မြို့ နဲ့ နီးစပ်ပေမဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ကျေးရွာလေး တစ်ရွာဖြစ်ပါတယ်။ ဆက်သွယ်ရေးအတွက် ဖုန်းလိုင်း မရသေးတဲ့အပြင် ကျောက်ခင်းလမ်းခင်းထားတာ ကြာပြီဖြစ်တဲ့အတွက် ကျောက်ခဲတွေ ကွာပြီး ယာဉ်သွားလာမှုအတွက် အခက်အခဲ ဖြစ်စေပါတယ်။

အိမ်ခြေ အနည်းငယ်သာ ရှိပေမဲ့ စောလုံရွာရဲ့ သမိုင်းကြောင်းကတော့ ကြားရသူတွေကို ကိုယ်ချင်းစာတရားနဲ့အတူ နာကျင်မှုတွေ ပေးသလို ဝမ်းနည်းဖွယ်ရာ ရုပ်ရှင်တစ်ကား ကြည့်ခဲ့ရသဖွယ် ခံစားမှုကို ရရှိစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ စောလုံရွာကို ရောက်သွားခဲ့ပြီး အသက် ၆၀ အရွယ် ဒေသခံ အမျိုးသမီးတဦးနဲ့ တွေ့ဆုံပြီး စကားစမြည် ပြောရင်း စောလုံရွာကြောင်းအပါအဝင် သူမ ခံစားခဲ့ရဖူးတဲ့ နယ်မြေ မအေးချမ်းစဉ်က လက်နက်ကိုင် ပဋိပက္ခအကြား သူမနဲ့ မိသားစုအပြင် တခြားသော သူတွေအကြောင်းကို ကွမ်းလေးတငုံငုံနဲ့ ရေပက်မဝင်အောင် ပြောပြနေရှာပါတယ်။

“မပြေးရရင် စိတ်ချမ်းသာတာပေါ့။ အရင်ကဆို ကျွဲ၊ နွားတွေ ပေါတယ်။ လယ်တွေ ဘာတွေ စိုက်လို့ရတယ်။ တစ်နှစ် တစ်နှစ် စားလို့ လောက်တယ်။ စိတ်မပူရဘူး။ အခုတော့ လယ်လည်း စိုက်စရာ မရှိတော့ဘူး။ ကျွဲ၊ နွားလည်း မရှိတော့ဘူးလေ တစ်နေ့လုပ် တစ်နေ့စားပေါ့။ အကြွေးယူပြီး ပြန်ဆပ်ပေ့ါ။ ဒီလိုပဲ စားနေရတာပဲ။”လို့ ဒေသခံအမျိုးသမီးတဦးဖြစ်သူ ဒေါ်ပိုးမယ်( နာမည်လွှဲ) က လက်ရှိမှာ သူမတို့ တရွာလုံးနီးပါး ကျင်လည်စားသောက် နေရတဲ့ အခြေအနေကို “အငိုမျက်လုံး အပြုံးမျက်နှာ”ဆိုသလို ပြုံးနေပေမဲ့ မိသားစုအဖို့ နေ့စဉ်စားဝတ်နေရေးအတွက် ပူပန်နေရတဲ့ မျက်လုံးလေးနဲ့ ကြည့်ပြီး ပြောပြနေရှာပါတယ်။

စောလုံကျေးရွာဟာ ၁၉၉၀ နဲ့ ၂၀၀၀ ကြားမှာ လက်နက်ကိုင် ပဋိပက္ခကြောင့်ကယား(ကရင်နီ) တပြည်နယ်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြတ်လေးဖြတ် အခင်းအကျင်းကို ခံခဲ့ရတဲ့ ကျေးရွာတွေထဲက တရွာအပါအဝင် ဖြစ်ပါတယ်။

တခြားသော ကျေးရွာတွေ အများစုဟာ ၉၄- ၉၆ ခုနှစ်ဝန်းကျင်က နေရပ်ကို စွန့်ခွာပြီး တိမ်းရှောင်နေရပြီး စောလုံရွာကတော့ ၉၉ ခုနှစ်မှာ ရွာလုံးကျွတ်နေရပ်စွန့်ပြီ တိမ်းရှောင်ခဲ့ကြရပါတယ်။

ဖြတ်လေးဖြတ် အခင်းအကျင်း တိမ်းရှောင်မှုတွေမှာ စောလုံရွာအပါအဝင် ကျေးရွာတော်တော်များများက ရွာလုံးကျွတ် အိုးအိမ်များ၊ ပစ္စည်းဥစ္စာများ၊ ကျွဲ၊ နွား များ မီးရှိူ့ ဖျက်ဆီးခံခဲ့ရပါတယ်။ အိုးအိမ် စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့အချိန်မှာ ဘောလခဲမြို့ပေါ်ကို နေရာချပေးခဲ့ပေမဲ့ အစားအသောက် ထောက်ပံ့ကြေး အချိန်အနည်းငယ်နဲ့ အစားအသောက်အနည်းငယ်ကိုသာ ရရှိတဲ့အတွက် စားဝတ်နေရေး အလွန် ခက်ခဲခဲ့တယ်လို့ ဒေသခံတွေက သူတို့ ခံစားခဲ့ရတာတွေကို ပြန်ပြောင်းပြောပြပါတယ်။

သား ၂ ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဒေါ်ပိုးမယ်( နာမည်လွှဲ) ကတော့ ဖြတ်လေးဖြတ်ကြောင့် နေရပ်စွန့်ပြီး တိမ်းရှောင်ခဲ့ရတဲ့အချိန်မှာ တနေကုန် မိုးရေထဲ သွားလာခဲ့ရတဲ့အတွက် သူမရဲ့ အမျိုးသားဟာ ကျန်းမာရေးဆိုးရွားမှုဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူမရဲ့ သားအကြီးကလည်း နေရပ်ကို ပြန်လာခါစ အချိန်မှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေချိန်မှာ ချော်လဲရင်း ဒဏ်ရာရရှိသွားပြီး ယနေ့အချိန်ထိ ဒုက္ခိတ ဘဝနဲ့ပဲ ကျင်လည်ရှင်သန်သွားနေရတယ်လို့ သိရပါတယ်။

“ကျမ အမျိုးသားက တကယ်လို့ ကျမတို့ မပြေးရဘူးဆိုရင် အခုချိန်ဆို မသေနိုင်သေးဘူး။ ပြေးရတော့ ဆင်းရဲတယ်၊ ပင်ပန်းတယ်၊ လုံလုံလောက်လောက် မစားသောက်ရဘူး။ အဟာရဓာတ် မပြည့်ဘူး။ ဝယ်လည်း မကျွေးနိုင်ဘူး။ အခုတော့ ဒုက္ခိတ သားအကြီးတစ်ယောက်နဲ့ ကျမ မြေးနဲ့ တူူတူနေတယ်။ မြေးကပဲ အလုပ်လုပ်ပြီး ကျမတို့ကို ရှာကျွေးတာ။”လို့ ဒေါ်းပိုးမယ်( နာမည်လွှဲ) က သူမ အမျိုးသားသာ ရှိခဲ့ရင် အခက်အခဲတွေကို အခုထက် ပိုပြီးဖြေလျော့လာနိုင်မယ်လို့ မျှော်လင့်ချက်အပြည့် ရှိနေတဲ့ မျက်နှာနဲ့ ဒုက္ခိတဖြစ်တဲ့ သားကြီးကို လှည့်ကြည့်ရင်း ပြောပြနေပါတယ်။

ဘောလခဲမြို့ပေါ်မှာ နေထိုင်ရတဲ့အခါ သာမာန်လက်လုပ် လက်စား တောင်သူလယ်သမားများဖြစ်တဲ့ သူတို့အတွက် လုပ်ကိုင်စားသောက်ဖို့ အလွန် ခက်ခဲတဲ့အတွက် နယ်မြေ အခြေအနေ တည်ငြိမ်စပြုလာတဲ့အချိန်မှာ နေရပ်ကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြန်လာခါစ အချိန်မှာ ရွာထဲကို တိုက်ရိုက်ဝင်ဖို့ အဆင်မပြေတဲ့အတွက် တောင်ယာခင်းထဲမှာ တဲထိုးပြီး သုံးနှစ်နီးပါး ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ တောင်ယာထဲမှာ ကျင်လည်ပြီး တစ်အိမ်စ၊ နှစ်အိမ်စ ရွာထဲကို ပြန်နေကြပြီး ယခုအချိန်မှာတော့ အိမ်ခြေ ၂၀ ဝန်းကျင် ရှိနေပါပြီ။

ဖြတ်လေးဖြတ်မတိုင်ခင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့စဉ်ကာလအတွင်းမှာ စောလုံဒေသခံတဦးဖြစ်ပြီး ရွာမိရွာဖ တဦးဖြစ်သူ ဦးဘိုးရယ်က မြေမြုပ်မိုင်းကြောင့် ကိုယ်အင်္ဂါ တချို့ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ သူဟာ အပစ်အခတ်ရပ်စဲရေးမတိုင်ခင် ၂၀၀၅ခုနှစ်ကတည်းက စပြီး ယခုချိန်အထိ ဆယ်စုနှစ်ကျော်ကြာ ကျေးရွာအရေးကို တာဝန်ကိုယူထမ်းဆောင်နေပါတယ်။

သူဟာ မြေမြုပ်မိုင်းကို နှစ်ကြိမ် ထိမှန်ခဲ့တဲ့သူဖြစ်ပါတယ်။ ၁၃ နှစ်အရွယ်မှာ မြေမြုပ်မိုင်းတစ်ကြိမ်ထိခဲ့ပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ ရတဲ့သူပါ။

၁၉၉၉ခုနှစ်မှာတော့ ကယား( ကရင်နီ) ပြည်နယ်သူ၊ ပြည်နယ်သားများ ဆိုးရွားတဲ့ ကံကြမ္မာ( ဖြတ်လေးဖြတ်)ကို ရင်ဆိုင်ခဲ့ရပြီး ဦးဘိုးရယ်က နောက်တစ်ကြိမ် မြေမြုပ်မိုင်းကို ကျန်တဲ့ခြေထောက်တစ်ဖက်နဲ့ ထိုးမိပြန်ပါတယ်။

ဒုတိယအကြိမ် ညာဖက်ခြေထောက်နဲ့ မိုင်းထပ်ထိချိန်မှာတော့ ခြေထောက်ထပ်မပြတ်ပေမဲ့ မြေမြုပ်မိုင်းကွဲလို့ ပေါက်ထွက်တဲ့ ယမ်းတွေက သူ့ရဲ့ ခါးအပါအဝင် ခန္ဓာကိုယ် အောက်ပိုင်းကို ထိပြီး ဒဏ်ရာများ ကျန်နေခဲ့ပါတယ်။

အခုဆိုရင် ဦးဘိုးရယ်မှာ သား တစ် ယောက်နဲ့ သမီးနှစ်ယောက်ရှိနေပါပြီ။သူဟာ ချိုင်းထောက်ကို အသုံးပြုပြီး သွားလာလှုပ်ရှားနေပါတယ်။

ဦးဘိုးရယ်မိသားစုအပါအဝင် စောလုံရွာမှ ဒေသခံတွေဟာ ဝင်ငွေအတွက်ကတော့ နှမ်းကို အဓိကထားလုပ်ပြီး စားဝတ်နေရေး ဖူလုံမှုမရှိပေမယ့် မိသားစု အတွက် မငတ်ရုံသာရှိတယ်လို့ သိရပါတယ်။

“အခက်အခဲကတော့ မျိုးစုံပါပဲ။ လုပ်ကိုင်စားသောက်ရတာလည်း အဆင်မပြေဘူးလေ။” လို့ ဦးဘိုးရယ်က လက်ရှိမှာ စောလုံရွာက ဒေသခံများ ရင်ဆိုင်နေရတာတွေနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

“စိတ်ထဲမှာတော့ နည်းနည်းတွေးမိရင်တွေးမိမှာပေ့ါ။ တကယ့်လက်တွေ့မှာက ငြိမ်းချမ်းရေး အစစ်အမှန် မရနိုင်သေးဘူး။ ကျတော်တို့ ရွာကို ပြန်လာနေတာလည်း လေထဲမှာ ဝဲပျံ နေရသလိုပဲလေ။ ငြိမ်းချမ်းရေးလည်း တူတူပဲ။ ကျတော်တို့ လေထဲမှာ ဝဲပျံနေရတဲ့အတိုင်းပဲ။” လို့ ဦးဘိုးရယ်က လက်ရှိ ကယား(ကရင်နီ) ပြည်နယ်ရဲ့ အစိုးရနဲ့ လက်နက်ကိုင်တွေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ပြောပြသွားပါတယ်။

ဦးဘိုးရယ်အပါအဝင် စောလုံရွာက ဒေသခံတွေဟာ လက်နက်ကိုင် ပဋိပက္ခ အလွန်မှာပဲ ရှင်သန်ချင်ကြပြီး ယခင်ကလို ပြန်လည်ဖြစ်ပွားဖို့ တွေးကြောက်နေတဲ့ စိတ်လေးက သူတို့ကို စိုးမိုးထားနေဆဲပါ။ စောလုံရွာက ဒေသံတွေလိုပဲ ငြိမ်းချမ်းမှုတွေကို ဆုပ်ကိုင်ရင်း ရှင်သန်သွားနိုင်ဖို့ မျှော်လင့်နေကြတဲ့ ကယား( ကရင်နီ) ပြည်နယ်က ဒေသခံတွေ သာမက နေရာအသီးသီးမှာ ရှိတဲ့ သူတွေလည်း မျှော်လင့်နေကြမယ်လို့ ယုံကြည်ပါတယ်။

Comments

comments

Next Post

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိ

Tue Jun 2 , 2020
ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာ (၂၃၂) ဦးရှိပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၂ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခု တွေ့ရှိသူ ၄ ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမှ တစ်ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှ တစ်ဦး၊ ချင်းပြည်နယ် မင်းတပ်မှ တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြသည်။ ယင်းအပြင် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၄၃)ဦး ရှိပြီ ဖြစ်သည့်အနက် […]