spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ပီကင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး ထိခိုက်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်မှာ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ပီကင်းကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ဦးထိခိုက်မှု ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြည်သူ ၂ဦး ထိခိုက်မှုရှိကြောင်းကို ကနဦးသိရပြီး အသက်အရွယ် နဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

“ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာမှာ စစ်ကောင်စီက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲကို လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ဒီညနေ ၃နာရီခွဲလောက်မှာဖြစ်ပါတယ်။ ထိခိုက်မှုကတော့ ပြည်သူနှစ်ဦးထိခိုက်တယ်လို့ ကျနော်တို့ ကနဦးသိရတယ်။ “လို့ တာအယ်စိုးက ဆိုပါတယ်။

စစ်ကောင်စီဟာ ပေါင် ၅၀၀ ဗုံးနဲ့ နှစ်ကြိမ်လာကြဲသွားတာဖြစ်ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းဝေးတဲ့ အရပ်သားရှိရာနေရာတွေကို ဦးတည်တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့ တာအယ်စိုးက ဆက်ပြောပါတယ်။

“အခုတစ်ခေါက် ဒါပီကင်းမှာပေါ့နော် ထပ်ပြီး ဗုံးကြဲတိုက်ခိုက်တာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ဖယ်ခုံအနောက်ခြမ်းမှာ စစ်ပွဲတိုက်ပွဲနဲ့ဝေးတဲ့ ဖယ်ခုံအနောက်ခြမ်းလို ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်။ “လို့ သူကဆိုပါတယ်။

ဖယ်ခုံအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို မကြာခဏ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လုပ်‌ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” လူထုတွေကိုအကြောက်တရားနဲ့လုပ်တာလို့ပဲ မြင်တယ်။ ဘားမှ စစ်ရေးနဲ့သက်ဆိုင်မှုမရှိတဲ့ အရပ်သားတွေနေတဲ့နေရာကို ဒီလို လေယာဉ်နဲ့ လာကြဲတာ များနေပြီ‌။ လူထုတွေလည်း ဒီ လေယာဉ်ပြောလိုက်ရင် တအားကြောက်နေကြပြီ။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက်နေ့မှာလည်း ဖယ်ခုံအနောက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts