spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

ပျောက်ဆုံးနေတဲ့ လူ နှစ်ဆယ် နဲ့ ရေတွင်းထဲက အလောင်းများ

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“(၂) ယောက်ပဲ အတည်ပြုနိုင်တယ်။ ကျန်တဲ့လူတော့ မမှတ်မိဘူးပေါ့။ ကျန်တဲ့သူတွေ ဘယ်မှာရှိနေမှန်းလဲ မသိပါဘူး။ တွင်းထဲမှန်သမျှ အကုန်လိုက်ရှာရမယ့်ပုံ ပေါက်နေတယ်။”

တိုက်ပွဲတွေ ဖြစ်ပွားတော့ ဟိုဘက်ရွာက လုံခြုံမယ်ထင်ပြီး ဒီဘက်ရွာကို ပြေး။ ဒီဘက်ရွာကလည်း ဟိုဘက်ရွာမှာ ပိုလုံခြုံမယ်ထင်ပြီး ဟိုဘက်ရွာကို ပြေးနဲ့ ကိုယ်စီလုံခြုံမယ်ထင်တဲ့ နေရာတွေကို ပြေးကြတာပါ။ ဒီလိုပြေးကြတဲ့အထဲမှာလည်း လွိုင်ကော်မြို့နယ်ထဲက ဝါရီဆူးပလိုင်ဆိုတဲ့ ကျေးရွာကလေးက ဒေသခံတွေအပါ အပါအဝင်ပါပဲ။

၂၀၂၂ ရဲ့ ဖေဖော်ဝါရီလလောက်မှာ ဒီလို ပြေးလွားရတဲ့ အဖြစ်တွေပိုများခဲ့တာပါ။ အကြောင်းကတော့ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးချင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အားအလုံးအရင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်က ဝါရီဆူးပလိုင်ရွာထဲကို ရောက်ရှိလာခဲ့တာပါ။ ရွာခံတချို့က ကြိုတင်တိမ်းရှောင်ခဲ့ကြပေမဲ့ ရွာထဲကို စစ်ကြောင်းရောက်လာတဲ့ ၂၀၂၂ ရဲ့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ ကိုယ်လွတ်ရှုန်းချိန်မမီတဲ့ ဝါရီဆူးပလိုင်ရွာခံ တချို့က ကျန်ရှိနေခဲ့ပါတယ်။

အဲဒီနေ့ရက်မှာပဲ ရွာခံ ( ၂၀ ) ဦးကို အဆိုပါ စစ်ကြောင်းက ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူတွေကို ယနေ့အထိ ရှာမတွေ့သေးပါဘူး။

ပျောက်ဆုံးနေတဲ့ (၂၀) ဦးထဲမှာတော့ (၁၉)ဦးဟာ အမျိုးသားတွေ ဖြစ်ကြပြီး ကျန် (၁) ဦးမှာတော့ အမျိုးသမီးဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဲဒီတုန်းက စစ်ကောင်စီ စစ်ကြောင်းဟာလည်း အဲဒီကျေးရွာလေးထဲမှာ ဆက်လက်ခြေကုပ်ယူထားတော့ ဘယ်သူမှ နေရပ် ပြန်မကြည့်ရဲခဲ့ပါဘူး။

ရွာထဲမှာ တပ်စွဲရင်း တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ အထိနာတဲ့ အခါ ပြည်သူ့နေအိမ်တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။

ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝါရီဆူးပလိုင် ကျေးရွာ မှာ ခြေကုပ်ယူရင်း တော်လှန်းရေးတပ်ဖွဲ့တွေ နဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီလိုနဲ့ ဝါရီဆူးပလိုင်ကျေးရွာကလေးကို ၂၀၂၂ ဇွန်လ ၂၈ ရက်မှာတော့ စစ်ဇုန်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်လိုက်ပါတယ်။

စစ်ဇုန်အဖြစ်ပြောင်းလဲ သတ်မှတ်ခံလိုက်ရတာကြောင့် ပျောက်ဆုံးနေတဲ့ ဒေသခံ (၂၀) ဦးကို ရှာဖွေဖို့ နေနေသာသာ ကျေးရွာနားမှာကိုတောင် ကပ်ခွင့်မရှိခဲ့ပါဘူး။ မျှော်လင့်နေရုံမှတပါး မိသားစုဝင်တွေဟာ ဘာတခုမှ တတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

လွိုင်ကော် တစ် လေးလုံး စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာတော့ ပျောက်ဆုံးနေသူ အလောင်းကို ပြန်လည် ရှာဖွေနိုင်ဖို့ အခွင့်အရေးတရပ်ကို ရရှိလာခဲ့ပါတယ်။ ဒီလိုမျှော်လင့်
နေရင်းနဲ့ပဲ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ထဲကို ရောက်လာတဲ့အချိန်မှာတော့ ဝါရီဆူးပလိုင်
ကျေးရွာအတွင်းက နေအိမ် တလုံးမှာ မီးရှို့ထားတဲ့ အရိုးစုတွေကို စတင်တွေ့ ရှိပါတော့တယ်။

ဒါပေမဲ့ မီးရှို့ထားတဲ့ အရိုးစုဆိုတော့ ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာကိုတော့ ဘယ်တဦးတယောက်မှ အတည်မပြုပေးနိုင်ခဲ့ပါဘူး။ တွေ့ရှိထားတဲ့ အရိုးစုတွေကို တော့ အဆိုပါ ကျေးရွာရဲ့ ဓလေ့အရ ဒေသခံတွေဟာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပါတယ်။

၂၀၂၄ ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကို ရောက်သွားတဲ့ အချိန်မှာတော့ ဝါရီဆူးပလိုင် ကျေးရွာအနီးက နန်းဖဲချောင်းဘေးမှာ အရိုးစု တခုကို ထပ်မံတွေ့ ရှိခဲ့ပြန်ပါတယ်။ ဘာအမှတ်အသားမှ မပါ ရှိတာကြောင့် အဆိုပါ အရိုးစုဟာလည်း အမည်မသိ ဖြစ်ခဲ့ရပြန်ပါတယ်။

အဆိုပါ အရိုးစုတွေကိုလည်း ကျေးရွာကပဲ တာဝန်ယူ ဖြေရှင်းခဲ့ရပြန်ပါတယ်။
အလောင်း နှစ်ခု ပေါ်ထွက်လာခဲ့ပေမယ့်လည်း အဖမ်းဆီးခံ (၂၀) ဦးရဲ့ မိသားစုဝင်တွေမှာတော့ မျှော်လင့်ချက်တွေ မဲ့နေတုန်းပါပဲ။

ဒီဇင်ဘာလ (၄) ရက်နေ့ မှာတော့ စစ်ရှောင်တနေရာကနေ နေအိမ်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် လိုအပ်တဲ့ဝါးတွေကို ခုတ်ယူနိုင်ဖို့ ဝါရီဆူးပလိုင်ကျေးရွာထဲကို အမျိုးသားတဦး ပြန်လာခဲ့ပါတယ်။ အိမ်ထဲကိုရောက်တဲ့ အချိန်မှာ မထင်မှတ်ပဲ အသံတခုကို ကြားရသလိုလိုနဲ့ ခံစားရပါတယ်။ တချိန်က သူတို့ကျေးရွာကလေးတွေမှာ အားထားရဆုံး ရေတွင်းလေးထဲက လာတဲ့ အသံလေးပေါ့။

ဘာသံများဖြစ်မလဲဆိုပြီး ဆင်းမွှေကြည့်ရာမှ မထင်မှတ်တဲ့ လူအရိုးတွေကို တွေ့မြင်ရတော့တာပါပဲ။ သူတို့သောက်သုံးရေအဖြစ် အမြဲသန့်ရှင်း လတ်ဆတ်တဲ့ သူတို့ရဲ့ ရေတွင်းဟာ စစ်မီးကူးခံရပြီးတဲ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အလောင်းဖျောက်ရာ နေရာ တခု ဖြစ်ခဲ့ရတာတော့ ရင်နာလို့ မဆုံးဖြစ်ခဲ့ရပါတယ်။

အဆိုပါ တွေ့ရှိတဲ့ အလောင်းမှာတော့ K ဆိုတဲ့ စာလုံးတလုံးက လွဲပြီး ဘာမှမသိရတာပါပဲ။ ပျောက်ဆုံး မိသားစုဝင်တွေကတော့ လာရောက်ကြတာပေါ့။ ငါ့သားများ ဖြစ်နေမလား၊ ငါ့ယောကျာ်းများ ဖြစ်နေမလား၊ ငါ့သမီးများ ဖြစ်နေမလား စသဖြင့် မျှော်လင့်ကြရင်းနဲ့ လာရောက်ကြတာပါ။

ကံဆိုးစွာပဲ အင်္ကျီစမှာ K ဆိုတဲ့ စကားလုံးပါလာတာလွဲပြီး ဘာသဲလွန်စမှာ မပါတာကြောင့် အလောင်းမှာ မည်သူဖြစ်ကြောင်းကို အတည်မပြုနိုင်ပြန်ပါဘူး။ ဒီတကြိမ်နဲ့ဆို ဝါရီဆူးပလိုင် ကျေးရွာမှာ အလောင်း(၃)လောင်းကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ပျောက်ဆုံးနေတဲ့ ၂၀ ဦးထဲက အလောင်းများ ဖြစ်နေမလား။ ကျန် ( ၁၇ ) လောင်းကကော ဘယ်မှာ ပျောက်ဆုံးနေသလဲဆိုတာကျန်ရစ်သူ မိသားစု အားလုံးကတော့ စောင့်မျှော်နေကြဆဲပါပဲ။

၂၀၂၅ ဇန်နဝါရီလ ၂၁ နေ့ကို ရောက်တဲ့ အချိန်မှာတော့ နောက်ထပ် အရိုးစုကို ထပ်မံတွေ့ရှိ
ရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ ပြိုင်တူ အလောင်း (၂)လောင်းကိုတွေ့ ခဲ့ရတာပါ။ အဆိုပါ အလောင်း( ၂)လောင်းကို နေအိမ်တလုံးရဲ့ အိမ်သာကျင်းထဲမှာ တွေ့ရှိခဲ့တာပါ။ အလောင်း (၁) လောင်းကိုတော့ ဝါရီဆူးပလိုင် ကျေးရွာသားတဦး ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

“တွင်းသစ်မှာတွေ့တာ နှစ်ယောက်ထဲက တယောက်က ဦးခူထပါ။ သူ့အမျိုးသမီးက အတည်ပြုခဲ့ပါတယ်။ သူ့အဝတ်အစားကို မှတ်မိတာပေါ့” လို့ ဝါရီဆူးပလိုင်ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ဦးခူထဟာ အသက် ၄၀ နီးပါး ရှိပြီ ဖြစ်ပြီး ကလေးငယ် ၄ ယောက်ကျန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကျန်အလောင်း (၁) လောင်းမှာတော့ ကျောပိုးအိတ်တွေ ပါရှိနေပြီး ကျော်ပိုးအိတ်ထဲမှာ ဆိုင်ကယ်ပြင် ပစ္စည်းတချို့နဲ့ အဝတ်အစားတွေ ပါနေတယ်လို့ မျက်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကန္တာရဝတီတိုင်းကို ပြောဆိုပါတယ်။

အဆိုပါ ကျောပိုးအိတ်နဲ့ အလောင်းကိုတော့ ကျေးရွာသားတော့ မဖြစ်နိုင်ကြောင်း ခန့်မှုန်းပြောဆိုကြပြီး လာရှာတဲ့ မိသားစုဝင်တွေ မရှိတာကြောင့် တော်လှန်ရေး ရဲဘော်တွေကပဲ တာဝန်ယူ မြေမြုပ်ပေးခဲ့ရပြန်ပါတယ်။

၂၀၂၅ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ဝါရီဆူးပလိုင်မှာတော့ အရိုးစုအလောင်း ( ၅) လောင်းကို တွေ့ရှိထားတာပါ။ ဦးခူထ အလောင်းကလွဲပြီး ကျန်တဲ့ အလောင်းမှာတော့ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ ရှင်းလင်းစွာ အတည်မပြုနိုင်ကြပါဘူး။ အများစုမှာတော့ ကျေးရွာရဲ့ ဓလေ့အရ ကောင်းမွန်စွာ ပြန်လည် မြေမြုပ် သင်္ဂြိုလ်ပေးခဲ့တာကလွဲပြီး ဘာတခုမှ လုပ်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၂၅ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ နောက်ထပ်အရိုးစုတခုကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။ ဒီတကြိမ်မှာလည်း ဘယ်သူ့ရဲ့ အလောင်းဖြစ်မလဲဆိုတာကို ပျောက်ဆုံးနေသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကတော့ စိတ်လှုပ်ရှားစွာနဲ့မျှော်လင့်နေကြပါတယ်။ ကျေးရွာအတွင်းက ရေတွင်းတခုထဲမှာ အဆိုပါ အလောင်းကို တွေ့ရှိခဲ့တာပါ။

၂၀၂၂ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ညတွင်းချင်းပြေးနေရတဲ့ ဒေသခံများ (ဓါတ်ပုံ – DMO PDF)

အဆိုပါ အရိုးစုမှာတော့ ပါလာတဲ့ အဝတ်အစားတွေကို ကြည့်ပြီးတော့ အမျိုးသားတဦးဖြစ်ကြောင်း အတည်ပြုနိုင်ပြီး မိသားစုဝင်တွေ လာရောက်ကြည့်ရှု့ကြတဲ့ အချိန်မှာတော့ အဖြေတခုကို ရရှိလာခဲ့ပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတုန်းက အသက် ၅၀ ကျော်အရွယ် ဦးစံထွန်း ကို နောက်ဆုံးတွေ့မြင်ရတုန်းက ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားဖြစ်ကြောင်းကို မိသားစုဝင် တဦးက အတည်ပြုနိုင်ပေးခဲ့ပါတယ်။ အဆိုပါ ဦးစံထွန်းရဲ့ အရိုးစုအရ ဆိုရင် သူဟာ မသေခင်ကတည်းက ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရတာပါ။

“17/2/2022မှာ ရွာသားတွေအားလုံးပြေးနေတဲ့ချိန် သူ့ကိုခေါ်တော့မသွားဘူး။ အဖေအိမ်စောင့်မယ်ပြောတယ်။ တခြားရွာရောက်နေတဲ့ချိန် သူ့ကိုရှာမတွေ့တော့။ မေးကြည့်တာ ဘယ်သူနဲ့ပါသွားလဲပေါ့။ သူကျန်ခဲ့တယ်ပဲသိတယ်။ နောက်မှ အဲ့ရက် ရွာကလူငယ်တွေ ရေတွင်းတွေ လိုက်မွေကြည့်တော့ အရိုးတွေကို ဘိလပ်မြေအိတ်နဲ့ကျောက်တုံးတွေနဲ့ ဖုံးဖိထားတာကိုတွေ့ရှိရပါတယ်။ အကို့ အဝတ်အစားတွေကို ကြည့်ပြီးတော့ မှတ်မိသွားတာပေါ့။ ခေါင်းရိုးကတော့ ကြေမွကုန်တယ်ပေါ့။ ဘယ်လောက်ထိရက်စက်ထားမှန်းလဲမသိပါဘူး။” လို့ မိသားစုဝင်တဦးကပြောပါတယ်။

ဦးစံထွန်းဟာ နာနတ်တော ကျေးရွာမှာ နေထိုင်ခဲ့တာပါ။ ၂၀၂၁ စစ်တပ်အာဏာကို သိမ်းယူပြီးနောက်ပိုင်း နာနတ်တောမှာ အခြေအနေ မကောင်းလို့ မိမိဇာတိ ဖြစ်တဲ့ ဝါရီဆူးပလိုင်ကျေးရွာကို ပြန်လည် ပြောင်းရွေ့နေထိုင်ခဲ့တာပါ။ ဝါရီဆူးပလိုင်ကို စစ်မီးကူးလာခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ မှာတော့ ဦးစံထွန်းတယောက် မိသားစုဝင်တွေကိုသာ ရှောင်တိမ်းခိုင်းခဲ့ပြီး သူကတော့ သူ့ညီဖြစ်သူ နေအိမ်မှာ ကျန်ရှိနေခဲ့တာပါ။ သူ့ရဲ့ အရိုးစုကိုတော့ သူနေထိုင်ခဲ့တဲ့ သူ့ညီအိမ်ရဲ့ ရေတွင်းထဲမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

ဝါရီဆူးပလိုင်ကျေးရွာကို စစ်မီးကူးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ လူ (၂၀) ဦးထဲက ( ၂) ဦးရဲ့ အလောင်းကိုသာ အတည်ပြုနိုင်ခဲ့ပြီး ကျန် (၁၈) ဦးအကြောင်းအရာကတော့ ယနေ့အထိ တစုံတရာ မထူးခြားသေးပါဘူး။

ပျောက်ဆုံးပြီးနောက်ပိုင်း ဒီကနေ့ထိ ၃ နှစ်ဝန်းကျင်မှာတော့ စုစုပေါင်း အရိုးစု ၆ စုကို တွေ့ရှိထားပြီ ဖြစ်ပါတယ်။ ဦးစံထွန်းနဲ့ ဦးခူထ အလောင်းကလွဲပြီး ကျန်(၄) လောင်းမှာတော့ မည်သူဖြစ်ကြောင်းကို ရှင်းလင်းစွာ အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

၂၀၂၂ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ညတွင်းချင်းပြေးနေရတဲ့ ဒေသခံများ (ဓါတ်ပုံ – DMO PDF)

စစ်ကောင်စီရဲ့ အခုလို ရက်စက်မှုအပေါ်ကို မိသားစုဝင်တဦးက အခုလိုပဲ ပြောပါတယ်။
“ဒီလောက်ထိ ရက်စက်စရာလိုလားပေါ့။ လူသားချင်း စာနာမှုဆိုတာကော မရှိကြတော့ဘူးလား။ အိမ်တွေမီးရှို့လူသတ်တာကို ပျော်နေကြတာလား။ အမြန်ဆုံး ငြိမ်းချမ်းမှုကို လို ချင်ခဲ့မိတယ်။ ဒါပေမဲ့ ဆုတောင်းက မပြည့်ခဲ့ပါဘူး” လို့ မိသားစုဝင်တဦးကပြောပါတယ်။

စစ်မီးကူးခံရပြီး ရက်ပိုင်းလောက်မှာပဲ ဝါရီဆူးပလိုင် ကျေးရွာရဲ့ လူနေအိမ်တွေကတော့ ၈၀ ရာခိုင်နှုန်းဟာ မီးလောင်ပြာကျခဲ့ရပါပြီ။ လက်ရှိမှာတော့ အများစုမှာ စစ်ရှောင်နေကြပြီး ပြန်လည် နေထိုင်ခြင်း မရှိကြသေးပါဘူး။ ဝါရီဆူးပလိုင်ကျေးရွာရဲ့ ရေတွင်းထဲမှာ နောက်ထပ် အရိုးစုတွေ ထပ်ထွက်လာဦးမလားဆိုတာတော့ ……

spot_img
spot_img
spot_img

Recent posts