ကန္တာရဝတီတိုင်း(မ်)
ကုန်သွယ်ရေးလမ်ကြောင်း ပိတ်ပြီးနောက်ဆက်တွဲဖြစ်လာတဲ့ ကရင်နီပြည်တွင်း ကုန်စည်ပြတ်လပ်မှု ထပ်မဖြစ်တော့အောင် နယ်မြေထိန်းချုပ်ရေးအဖွဲ့တွေက ဆောင်ရွက်ပေးသင့်တယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကုန်သွယ်ရေးလမ်းပိတ်ပြီး ထိုးတက်လာတဲ့ ကုန်စျေးနှုန်းကိုထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေကို ကုန်စျေးနှုန်းသတ်မှတ်ပေးလိုက်တာထက် ကုန်စည်ပြတ်တောက်မှုမဖြစ်အောင် ဦးစွာဆောင်ရွက်စေလိုတယ်လို့ ဒီးမော့ဆိုမြို့မှာ စက်သုံးဆီရောင်းဝယ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခု ဆီပြဿနာဖြစ်နေသလိုမျိုးပေါ့။ တစ်ဖက်နဲ့တစ်ဖက် အမြင်မမှားအောင် သက်ဆိုင်ရာ လူကြီးတွေနဲ့ ပြည်သူ နဲနဲ နားလည်သဘောပေါက်တဲ့လူနဲ့ စားပွဲခုံမှာ မျက်နှာချင်းဆိုင် ထိုင်ပြီးမှ တိုင်ပင်ဆွေးနွေး၊ အစည်းအဝေးတွေ အဲလိုမျိုးတွေ အခြေနေတွေ ပိုပြီးမဆိုးအောင်ဆို ဘယ်လိုထိန်းသိမ်းသွားရမလဲ၊ ဘယ်လိုစီမံပေးရမလဲ၊ ပြည်သူပေါ်မှာတွေကို ဘယ်လိုထိန်းချုပ်ရမလဲ အဲလိုမျိုးတွေ ဖြစ်စေချင်တယ်။ အေးအေးဆေးဆေး ဆွေးနွေးခိုင်းချင်တယ်။ ခေတ်ကာလကပျက်နေတော့ ကုန်စျေးနှုန်းက ဘယ်လိုမှထိန်းချုပ်လို့မရဘူးလေးနော့။” လို့ စက်သုံးဆီရောင်းဝယ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြည်တွင်းကုန်စည်စီးဆင်းမှုက စစ်ရေးအခြေနေပေါ်မှာပဲ တိုက်ရိုက်သက်ဆိုင် နေတာကြောင့် နယ်မြေထိန်းချုပ်ရေးအဖွဲ့တွေက ရေရှည်အစီအမံတွေချပြီး ကုန်ပစ္စည်းစုဆောင်းထားပေးသင့်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတော့ ကုန်စည်စီးဆင်းမှုမပြတ်ဖို့ လုပ်ငန်းစဥ် အစီအမံတွေရှိပြီး စတင်ဆောင်ရွက်နေပြီလို့လည်း ပြောပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဥ် အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
“နယ်စပ်ကုန်သွယ်ရေးကိုပဲ နဲနဲအားပြန်ပြုမှရမဲ့ အနေအထားမျိုးရှိတယ်။ နည်းအမျိုးမျိုးနဲ့တော့ ကြိုးစားပြီးတော့ စီစဥ်ဆောင်ရွက်နေပါတယ်။ သို့ပေမဲ့ တချို့သောဟာတွေက ပြောလို့အဆင်မပြေတဲ့ ဟာတွေလည်း တချို့ဟာတွေက မပြောသင့်တဲ့ဟာတွေပါလို့ ပြောလို့ရတဲ့ဟာတွေ ကျနော်ပြောပြထားပြီးပြီ။”လို့ IEC ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန၊ ဒုတိယဌာနမှူး-၃ ဦးသံချောင်းက ပြောပါတယ်။
ထိုင်း-ကရင်နီနယ်စပ်ဒေသနဲ့ နီးစပ်တဲ့ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ် ကကုန်သည်တွေက ယခင်ကတည်းက နယ်စပ်ကုန်သွယ်ရေးကနေပဲ စားသောက်ကုန်၊ လူသုံးကုန်နဲ့ အိမ်ဆောက်ပစ္စည်းတွေကို တင်သွင်းနေခဲ့တာ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်ရှိ ကုန်သည်တွေကတော့ ပဲခူးတိုင်ဒေသကြီး တောင်ငူခရိုင်ဘက်ကနေ ဒီမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ဆီကို ကုန်တင်သွင်းကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာတော့ အင်အား ၁,၀၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုးဝ်ပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံအရှေ့ဖက်ကမ်း ရေပူကျေးရွာကို စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲဒီနောက် တိုက်ပွဲအရှိမြင့်တက်လာတာနဲ့အမျှ ရှမ်းတောင်ဒေသဖြစ်တဲ့ ရေပူ ၊ညောင်လေးပင် ၊ နန်းတုတ် ၊ တောင်ပို့ကွဲ၊ ဆောင်နန်းခဲ ကျေးရွာတို့ကို တော်လှန်ရေးတပ်က လက်လွှတ်လိုက်ရပြီး ဒီးမော့ဆိုကို ဝင်လာနိုင်တဲ့ နောက်ထပ်ကုန်စည်လမ်းကြောင်းတစ်ခုလည်း ထပ်မံပိတ်သွားတာပါ။
အဆိုပါတိုက်ပွဲ ဖြစ်ပွားပြီး ရေပူကျေးရွာအနောက်တောင်ဖက် ၁၆၈ မိုင်အကွာမှာရှိတဲ့ တောင်ငူကုန်သွယ်ရေးလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပြီး ကရင်နီပြည်တွင်း ကုန်သွယ်ရေးလမ်းတစ်ခု ထိခိုက်လာပါတယ်။
ကုန်သွယ်ရေးလမ်းပိတ်ဆို့မှုကြောင့် ကရင်နီမှာစက်သုံးဆီစျေး ၂ ဆမြင့်တက်လာခဲ့ပါတယ်။ ဒီလိုဆီဈေးမြင့်တက်လာမှုကို ထိန်းချုပ်တဲ့အနေနဲ့ ဆီစျေးကိုသတ်မှတ်စျေးအတိုင်း တသမတ်တည်း မရောင်းချပါက အရေးယူမယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO- PDF နဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF တို့က ဇွန်လ ၂၂ ရက်နေ့မှာ ညွှန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။
ဒေသခံတွေရဲ့တောင်းဆိုချက်နဲ့ ဆီစျေးကို တစ်ပေပါကို ၁၁ သိန်းကျပ်၊ ဒီဇယ်တစ်ပေပါကို ၁၂ သိန်းကျပ်နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တာဖြစ်ပြီး ဒီထက်ပိုကောင်းမွန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကိုလည်း ကြိုးစားနေတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO -PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မဖြစ်သင့်ဘူးလေးနော်။ ကျနော်တို့ တော်လှန်ရေးအင်အားစုအတွက်လည်းထိခိုက်သလို ပြည်သူလူထု၊ အဓိက ပြည်သူလူထုက ဒီချိန်မှာက သူတို့ စိုက်ပျိုးရေးထဲဝင်နေတဲ့အချိန်ပေါ့နော။ သူတို့တောင်ယာလယ်ယာထဲ ဝင်နေတဲ့အချိန်မှာ ဆီစျေးက အခက်အခဲ ဖြစ်နေလို့ ကျနော်တို့ ထုတ်ပြန်တာပါ။ ဒါကကျနော်တို့အတွက်ရယ် မဟုတ်ဘူး။ အားလုံးအတွက်ပေါ့နော်။ ကျနော်တို့အနေနဲ့ ဆိုလို့ရှိရင်တော့ ဒီထက်မကတော့ ကျနော်တို့ ထိန်းချုပ်ချင်တယ်။ ဒါပေမဲ့အခက်အခဲ အမျိုးမျိုးကြောင့်ပေါ့နော်” DMO -PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ ကရင်နီပြည်ရဲ့ နေရာဒေသတွေမှာ စစ်ရေးအရှိန်မြင့်နေဆဲဖြစ်တာကြောင့် ကုန်သွယ်ရေးလမ်း ပိတ်ဆို့မှုက ဆက်ဖြစ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း စစ်ကောင်စီက လွိုင်ကော်-ဒီးမော့ဆိုကုန်သွယ်ရေးလမ်းကို ဇွန်လတတိယ အပတ်ကစလို့ ပိတ်ထားလိုက်တာပါ။
“ဆီရှာရတဲ့အလုပ်လည်း ကျမတို့အတွက်လည်းမလွယ်ဘူး။ ပင်ပန်းတယ်။ တစ်လစာပဲဖြစ်ဖြစ် တစ်နှစ်စာပဲဖြစ်ဖြစ် လမ်းပန်းဆက်သွယ်ရေးရတုန်း။ ကျမတစ်ယောက်အနေနဲ့ အဲလိုမျိုးအကြံ ပြုချင်တယ်ပေါ့နော။ ပြည်သူအတွက် ဒုက္ခမရောက်အောင်ဆို သတိပေးပြီး လူကြီးတွေ သက်ဆိုင်ရာတွေပေါ့။ ရိက္ခာစုဆောင်းထားတာမျိုးတွေ ဖြစ်စေချင်တယ်” လို့ စက်သုံးဆီရောင်းဝယ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို ကရင်နီပြည်တွင်း ကုန်သွယ်ရေးလမ်းပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုပြတ်တောက်တာက အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
ကုန်စည်ပြတ်တောက်မှုနဲ့ ကြုံတဲ့အခါတိုင်းလည်း ကုန်စျေးနှုန်းမြင့်တက်တာအပြင် ကုန်ဝယ်လို့မရတော့တဲ့ ပြဿနာကိုရင်ဆိုင်လာရပြီး စက်သုံးဆီပြတ်လတ်မှုက အကြီးမားဆုံး ဒုက္ခတစ်ခုဖြစ်တယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အထူးသဖြင့်ဆီတွေပေါ့။ ငွေဘယ်လောက်ပဲရှိရှိ ဘာမှ ဝယ်မရရင် ဒုက္ခတော့ဖြစ်လာမှာပဲ။ ခဏတာဆိုရင်တော့ ကိစ္စမရှိပါဘူး။ အကြာကြီးဆိုရင်တော့ သူခိုးတွေ ဓားပြတွေတော့ ရှိလာနိုင်မယ်ထင်တယ်။ စားစရာသောက်စရာမရှိတော့ရင် ခိုးတတ်လာမှာပဲ” လို့ ဒီးမော့ဆို အနောက်ခြမ်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိစစ်ရေးအခြေနေကြောင့် ဆီစျေးမြင့်တက်လာပြီး သွင်းကုန်နည်းပါးလာတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တောင်သူတွေအတွက်လည်း စိုက်ပျိုးကုန်ကျစရိတ် ပိုများလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တို့မှာ စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပွားခဲ့ပြီ စျေးနှုန်း ၂ ဆရှိတဲ့ စက်သုံးဆီကို အကန့်အသတ်နဲ့ဝယ်ယူခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဓာတ်ဆီ တစ်လီတာ ၃,၀၀၀ ကျပ်မှ ၂၀၂၃ ခုနှစ် ဆီပြတ်လပ်နေစဥ် ၈,၀၀၀ ထောင်ကျပ်၊ ယခုနှစ်အတွင်းမှာတော့ ဓာတ်ဆီတစ်လီတာ ၄,၀၀၀ ကျပ်မှ ၂၀၂၅ ဇွန်လအတွင်း ၁၀,၀၀၀ ကျပ် စျေးပေါက်နေတာပါ။
စက်သုံးဆီစျေးနှုန်းများဟာ ဇွန်လ ၂၁ ရက်ကစလို့ ၂,၀၀၀ ဝန်းကျင် ပြန်ကျလာပေမဲ့ စစ်ကောင်စီက ဇွန်လ ၂၆ ရက်နေ့မှာပဲ ကုန်စည်လမ်းကြောင်းတွေကို စစ်ကောင်စီက ထပ်မံပိတ်လိုက်တာကြောင့် ကုန်စျေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။