စိုးထိုက်အောင်၊ အန်ထောနီ
ရှားတောမြို့နယ် တောင်ပိုင်းမှာတည်ရှိနေတဲ့ ဒေါဝယ်ရော ကျေးရွာလေးကို သွားရောက်ခဲ့မယ်ဆိုရင် အရင်ဆုံးမြင်တွေ့ရမှာကတော့ ဝါးတွေနဲ့တည်ဆောက်ထားတဲ့ ဝါးထရံအိမ်လေးတွေပဲဖြစ်ပါတယ်။ ကျေးရွာအတွင်းမှာ ကယားတိုင်းရင်းသားလူမျိုးစုတွေသာနေထိုင်ကြတာဖြစ်ပါတယ်။
ဒေါဝယ်ရောကျေးရွာမှာနေထိုင်ကြတဲ့ ကယားလူမျိုးတွေက တောင်ယာစပါး၊ ပြောင်း တွေကိုအဓိက စိုက်ပျိုးစားသောက်ကြတာဖြစ်ပြီး ကျွဲ၊ နွား၊ ဝက်တွေကိုလည်း ကျေးရွာရဲ့အိမ်တိုင်းနီးပါး မွေးမြူကြပါတယ်။
၁၉၉၅-၉၆ခုနှစ်တွေမှာ မြန်မာစစ်တပ်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ရှားတောမြို့နယ်က ရွာတော်တော်များများက စစ်ပွဲရဲ့ ကောက်ရိုးမျှင်တစ်စဖြစ်ခဲ့ရပါတယ်။ ရွာကိုမီးရှို့ခံရပြီး ပျက်ဆီးခံခဲ့ရဖူးတဲ့ရွာလည်းဖြစ်ပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရချိန်မှာ ကျေးရွာမှာရှိတဲ့ အိမ်တွေအားလုံးမရှိတော့ပေမယ့် ဘုရားကျောင်းတစ်ကျောင်းနဲ့ ကိုယ်တော်တွေနေထိုင်တဲ့အိမ်တစ်လုံးကတော့ မီးရှို့မခံရပဲ ရှိနေခဲ့တယ်လို့ လက်ရှိ ဒေါဝယ်ရောကျေးရွာမှာ သာသနာပြုနေတဲ့ ကိုယ်တော် ဖာသာ ဒေးဗစ်အိုင်ဒေး ကပြောပါတယ်။
“ ရွာကတော့ နောက်ပိုင်းတော့ မရှိတော့ဘူး သူတို့ရောက်တိုင်းလည်း ရွာတွေကို မီးရှို့လိုက်တာပေါ့နော်ဆိုတော့ သူတို့ဒီနှစ်ခုဘဲ ချန်ထားပေးတာပေါ့။ ဘုန်းကြီးအိမ်နဲ့ အဲ့ဒီဘုရားကျောင်းတော့ သူချန်ထားပေးတယ်။ ပြီးတော့ အိမ်တွေကတော့ ရွာသားအိမ်တွေကတော့အကုန် ပျက်သွားတယ်၊ ပျောက်သွားတယ်၊ မီးရှို့ပစ်လိုက်တယ် အဲ့လိုမျိုးတွေပေါ့ ဆိုတော့နောက်ပိုင်းက ခြုံတွေထူကုန်တယ်၊ တောဖြစ်သွားကုန်တယ်လေ။” လို့ ဖာသာ ဒေးဗစ် ပြောပါတယ်။
အဲဒီချိန်တုန်းက မီးရှို့ဖျက်စီးခံခဲ့ကြရတဲ့ ဒေါဝယ်ရောကျေးရွာက ဒေသခံတွေက ပွန်ချောင်းနံဘေးတွေမှာသွားရောက်နေထိုင်ကြပါတယ်။ ပွန်ချောင်းဘေးတွေမှာနေထိုင်ရတာက သူတို့စားဝတ်နေရေးအတွက် အရမ်းခက်ခဲကြုံတွေ့ခဲ့ကြရလို့ စားစရာမရှိလို့သေဆုံးသွားခဲ့ရတဲ့သူတွေလည်း လည်းပွန်ချောင်းတစ်လျှောက်အများအပြားရှိခဲ့ဖူးတယ်လို့ ရှေ့မှီနောက်မှီအဖွားတွေကနေတဆင့် ကြားသိရပါတယ်။
ရွာမှာပြန်လာ နေထိုင်ဖို့အတွက်ပြန်လည်သွားရောက်ခဲ့ပေမယ့် စစ်ပွဲတွေဖြစ်နေတုန်းမို့ ကယားပြည်နယ်နဲ့ရှမ်းပြည်နယ် နယ်စပ်ဒေသတွေမှာ တဲအိမ်လေးတွေဆောက်ပြီးနေထိုင်ရကြရပါတယ်။ တဲအိမ်လေးတွေမှာ နေထိုင်စဉ် ရွာသူရွာသားတွေက သူတို့ရဲ့ဘိုးဘွားတွေ၊ သူတို့တွေနေထိုင်ခဲ့တဲ့ ဒေါဝယ်ရော ကျေးရွာမှာ စစ်သားတွေရှိနေသေးလားဆိုတာတွေ၊ သူတို့နေထိုင်ခဲ့တဲ့အိမ်လေးတွေကို မကြာခဏသွားရောက်ခိုးကြည့်နေခဲ့ကြပါတယ်။
ဒီလိုနဲ့ စစ်ပွဲက ပြီးသွားလိုက်၊ ရွာကိုပြန်လာတည်လိုက်နဲ့ ရွာက (၃)ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပါတယ်။
အဲဒီနောက်မှာ၂၀၀၅ ခုနှစ် ဝန်းကျင်လောက်ကနေစပြီး သူတို့ရွာလေးမှာပြန်လည်နေထိုင်ဖို့အတွက်ရှမ်းနယ်စပ်က သူတို့နေထိုင်ခဲ့တဲ့တဲအိမ်လေးတွေကိုဖျက်ပြီး သူတို့အရင်ကနေထိုင်ခဲ့တဲ့ ဒေါဝယ်ရောရွာလေးကို ပြန်လာကြတဲ့အခါ ကျေးရွာအတွင်းမြက်တွေ၊ သေနက်ကျည်ဆံတွေ၊ အမြောက်ဆံတွေနဲ့ပြည်နက်နေခဲ့တာတွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ သူတို့တွေရဲ့ ကျွဲ၊ နွား၊ ဝက်တွေနဲ့ အိမ်တွေကတော့ မရှိတော့တဲ့အတွက်ကြောင့် ကျေးရွာကိုခက်ခက်ခဲခဲနဲ့ရွာသူ/သားတွေက ပြန်လည်ထူထောင်ခဲ့ရပါတယ်။
“သူတို့ဟိုးမှာနေတော့လဲ တချိုု့ကတော့စိတ်ထဲမှာတော့ ခံစားရတာပေါ့နော် ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်အိုးအိမ်မှာဘဲ ပြန်နေမယ် နောက် အဲ့မှာဘဲ တစ်ချိုု့ကလည်း ပြန်ပြီးမှ ခေါင်းချချင်တယ်ဆိုတဲ့မျိုးပေါ့ သက်ကြီးရွယ်အိုတွေကလဲ ဟိုဥစ္စာတော့ သူများနယ်မြေထဲမှာ ဆိုတော့ ကိုယ့်ဟာလိုမျိုး မခံစားရဘူးပေါ့နော်။ ဆိုတဲ့ ဒီစိတ်ဆန္ဒမျိုးတွေရှိတော့ သူတို့ရွာကိုဘဲ သူတို့ပြန်လာချင်ကြတဲ့အခါမှာ တိုးတိုးတိတ်တိတ်နဲ့ အရင်တုန်းက ပြန်လာချောင်းကြည့်ကြတာပေါ့။ ပြန်လာချောင်းကြည့်ရင်းနဲ့ ဘာမှအခက်အခဲမတွေ့ဘူး။ ဘာမှလဲ ခြိမ်းချောက်မှုမရှိဘူးလို့ခံစားရတဲ့အခါမှာ ခြံလေးတွေ နည်းနည်းရှင်းတယ်၊ ပြီးရင် တဲလေးဘာလေး နည်းနည်းထိုးဆောက်ပြီးမှနေစမ်းကြည့်ကြည့်တယ် အ့လိုမျို းနဲ့ဘဲပေါ့။” လို့ ဖာသာ ဒေးဗစ် ပြောပါတယ်။
တစ်ချို့ရွာသူ/သားတွေက သူတို့ အဘိုး/ဘွားတွေခေါင်းချခဲ့တဲ့ ဒေါဝယ်ရောကျေးရွာကို ပြန်လည်ပြီး ဝါးအိမ်လေးတွေဆောက် နေကြပေမယ့် တိုးတက်လာတဲ့ ခေတ်ကြီးမှာ တိုက်အိမ်ကြီးတွေဆောက်ဖို့ကိုတော့ ဒေါဝယ်ရောကျေးရွာက ကယားတိုင်းရင်းသားတွေ ကြောက်ရွံ့နေတုန်းပဲဖြစ်ပါတယ်။
ဒီလိုအစွဲရှိကြတယ်ဆိုပေမယ့်လည်း ဘိုးဘွားစဉ်ဆက် ဒီမှာပဲ ခေါင်းချခဲ့ကြပြီး သားသမီးတွေကိုလည်း ဒီမှာပဲ မွေးခဲ့တာကြောင့်မို့လို့ သူတို့ရဲ့ရွာဟောင်းမှာပဲ ပြန်လာနေထိုင်ကြတယ်လို့ ဒေါဝယ်ရောရွာက အသက် ၇၀ ကျော်လောက်ရှိနေပြီဖြစ်တဲ့ ဒေါ်တီမိုးက ပြောပါတယ်။
“ငါတို့မိဘရိုးရာဓလေ့တွေက ဒီမှာပဲရှိတာလေး။ ဒါက သားသမီးအိမ် ကျမအိမ်က ဟိုဘက်မှာ ငါတို့မြေက ဒီမှာပဲ ကျမ အမျိုးသားဒီမှာသေတယ်။ ဒါကြောင့်ကျမလည်း ကျမသားသမီးနဲ့ ဒီမှာပဲ ပြန်လာနေတာပေါ့။” လို့ ဒေါ်တီမိုးက ပြောပါတယ်။
ဒေါဝယ်ရောရွာမှာ အသက်ကြီးရွယ်အိုဆိုလို့ အဖွားဒေါ်တီမိုနဲ့ ဒေါ်ပလုမယ်၊ ဒေါ်ဘောမယ်တို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
ရဲဘောတွေ၊ စစ်ကားတွေကိုရွာဘေးနားမှာ တွေ့ပြီဆိုတာနဲ့သူတို့ ကစစ်ပွဲတွေပြန်ဖြစ်လာတော့မှာပဲဆိုပြီး လန့်နေကြတယ်၊ ကြောက်စိတ်တွေလည်းရှိနေကြသေးတယ်လို့ ဖာသာဒေးဗစ်က ဆက်ပြောပါတယ်။
“ ရဲဘော်တို့ လာတာတွေ့ပြီဆို စိတ်ထဲမှာတော့ ကြောက်စိတ်က ပြန်ဝင်လာတယ် အဲ့လိုမျိုးပေါ့ လန့်ဖြန့်နေတယ်။ ဘာဖြစ်မှာလဲ ၊တစ်ခုခုပြန်ဖြစ်တော့မလား တိုက်ပွဲပြန်ဖြစ်တော့ မလားဆို အဲ့ဒီစိုးရိမ်စိတ်က ရှိနေတယ်ပေါ့နော်။ ဆိုတော့ သတင်းတွေကြားပြီဆို သူတို့ကခြောက်ခြားပြီ အ့လိုမျိုး။ တစ်ခါတလေက ဟိုးလမ်းမှာဘဲ စစ်တပ်ကားတွေအများကြီးဘဲ ဒီဘက်တက်လာတယ်တို့ သတင်းကြားပြီဆို အလိုလိုက လန့်နေပြီ အဲ့လိုမျိုးပေါ့ ကြောက်စိတ်တွေက ရှိနေသေးတယ်။ အဲ့လိုမျိုးပေါ့။ ဆိုတော့ သိပ့်ပြီးတော့လဲ သူတို့ဘဝကိုလုံခြုံတယ်လို့တော့ သူတို့မခံစားရသေးဘူးပေါ့နော်။” လို့ပြောပါတယ်။
ဒေါဝယ်ရောကျေးရွာလိုပဲ စစ်ဘေးဒဏ်ကြုံဖူးခဲ့တဲ့ ဒေါကလောလဲကျေးရွာက ဒေသခံတွေဟာဆိုရင်လည်း စစ်ပွဲတွေဖြစ်ပြီးတော့ မီးရှို့ခံထားရတဲ့ ကျေးရွာ အဘိုး/ အဘွားတွေရဲ့ရွာဟောင်းဖြစ်တာကြောင့် ပြန်လာနေကြတာလို့ ရွာအတွင်းက ဒေသခံတစ်ချို့က ဆိုပါတယ်။
“ကျနော်တို့ ၂၀၁၇ ခုနှစ် ကတည်းက ပြန်လာနေတာ ခုဆို ၃ နှစ်ရှိသွားပြီ ဒါပေမယ့် တချို့က ၂၀၁၅ ကတည်းက ပြန်လာနေကြတယ်။ ဒါက ရွာဟောင်းဆိုတော့ ကိုယ့်ရဲ့ရွာဟောင်းကို ပြန်လာနေကြတယ်။ အရင်တုန်းက ထွက်ပြေးကုန်တော့ ၂၀၁၅ ခုနှစ်မှာဘဲ စပြီးပြန်လာနေတယ်။” လို့ ရှားတောမြို့နယ် ဒေါကလောလဲကျေးရွာမှာနေထိုင်တဲ့ ခူးဌေးရယ် ကပြောပါတယ်။
၂၀၁၅ အထွေထွေရွှေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေကလည်း ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းပေးမယ်လို့ ကတိကဝတ်တွေ မက်လုံးတွေ ပေးခဲ့ပေမယ့် ပြည်သူများကတော့ မျှော်လင့်ထားသလောက်မခံစားခဲ့ရပါဘူး။ အာဏာရလပြီး လူထုတွေကို အာဏာလာပြတဲ့ ပုဂ္ဂိုလ်မျိုးတွေကို လာမည့် ရွေးကောက်ပွဲမှာတာ့ မလိုချင်တော့ဘူးလို့ ရှားတောမြို့နယ်၊ သီရီဒါးကျေးရွာမှာနေထိုင်တဲ့ ဦးပဲ့ရယ်ကပြောပါတယ်။
၎င်းက “ဘယ်လိုမျိုးကိုယ်စားလှယ်ဖြစ်စေချင်လည်းဆိုရင် ကျတော်တို့က ဒီပြည်သူလူထုတွေကို ချစ်တဲ့သူ ပြည်သူလူထုတွေကို ရွာတစ်ရွာကနေ တစ်ရွာပြီး သူတို့ချစ်တဲ့သူတွေဘဲလိုချင်တယ် ဘာဖြစ်လဲးဆို အပြန်အလန်နဲ့စကားပြောရင်းနှီးတဲ့ သူတွေမှဘဲလိုချင်တယ် တစ်ချို့က အာဏာရှိပေမဲ့လဲး အာဏာရှိတဲ့လူတွေက မျက်နာလည်းမကောင်းဘူး ကြည့်လိုက်ရင် ကြောက်စရာကြီးအဲ့လိုမျိုးဖြစ်တဲ့သူတွေ ပိုကြောက်တာပေါ့နော် ကျတော်တို့အဲ့လိုမျိုးစိုးရိမ်တယ် တစ်ခြားတက်လာတဲ့ပါတီဘဲ ဖြစ်ဖြစ်ပြည်သူလူထုတွေကို ချစ်တဲ့သူမှကျတော်တို့က အဲ့လိုမျိုးလိုချင်တာပေါ့နော် အာဏာရှိပြီးတော့ သူတို့က သူ့ရဲ့အာဏာနဲ့သူများကို အမိန့်ချတဲ့ သူတွေ အဲ့လိုမျိုးမလိုချင်ဘူးပေါ့နော်။” လို့ ပြောပါတယ်။
လက်ရှိအစိုးရအုပ်ချုပ်နေစဉ် ၅ နှစ်တာကာလအတွင်းမှာ စစ်ဘေးဒဏ်သင့်ခဲ့တဲ့သူတွေ ၊ စစ်ရှောင်တွေရဲ့ဘဝ ပြန်လည်ထူထောင်ဖို့ကိစ္စတွေ သူတို့ဘဝ ငြိမ်းချမ်းအောင် အစိုးရထဲမှာကော လွှတ်တော်ထဲမှာကော အဆိုတွေ မေးခွန်းတွေ ဘာမှ မလုပ်ပေးနိုင်ခဲ့ကြတဲ့အပြင် ကယားပြည်နယ်အတွင်းမှာဆိုရင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ၊ မြေယာသိမ်းသည့် ကိစ္စများ၊ ကရင်နီရဲဘော် သုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံးသည့်ကိစ္စရပ်တွေရှိခဲ့ဖူးပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကနေ အနိုင်ရသွားတဲ့ ရှားတောမြို့နယ်ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တစ်ဦးက အခုလို သုံးသပ်ပြောဆိုသွားပါတယ်။
“ ကျနော်လည်း ၂၀၁၅ မှာပြည်သူလူထုတွေရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေနိုင်ပြီဆိုတော့ ဟိုဖက်လည်းမရှိတော့ဘူး ဒီဖက်လည်းမရှိတော့ဘူး ငြိမ်းချမ်းရေးရှိသွားပြီ အဲ့လိုပဲထင်ထားတာ။ အခုဟာက ဆက်လက်ဖြစ်ပေါ်နေတာ ကျနော်လည်းမပြောတတ်တော့ဘူး အဲ့လိုမျိုးပေါ့နော်။ မှန်းချက်နဲ့နှမ်းထွက် ကျနော့အတွက် အဆင်မပြေဘူးဖြစ်နေတယ်”
လက်ရှိရှားတောမြို့နယ် ကိုယ်စားလှယ်တွေအားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတွေပဲ ၂၀၁၅ ရွေးကောက်ပွဲမှာအားလုံး အနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။
ယခု မကြာမီကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတွေကလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောလာပါတယ်။
“ကျမရဲ့ ပထမ ဦးစားပေးအလုပ်က ဒီဒေသငြိမ်းချမ်းရေး ရရှိဖို့အတွက် ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်” လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း မော်မိုးမြာ ကပြောပါတယ်။
မော်မိုးမြာက ၂၀၁၅ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးအပြောင်းအလဲတစ်ခုကို မျော်ကိုးပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုအခိုင်အမာ ဝန်းရံခဲ့သောသူလည်းဖြစ်ပါတယ်။
ထို့အပြင် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်မဲဆွယ်စည်းရုံးရေး ကာလတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးနှင့် မဲဆွယ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော လူငယ်တစ်ဦးဖြစ်ပါတယ်။
သို့သော်လည်း မျော်မှန်းထားသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအခွင့်အရေးများကို မရရှိခဲ့တာကြောင့် ယခုလိုတိုင်းရင်းသားပါတီအဖြစ် ဝင်ရောက်အရွေးခံရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ရှားတေားမြို့နယ်ဟာဆိုရင် ယနေ့အချိန်အထိ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး စတဲ့လိုအပ်ချက်တွေ နှောက်နှေးနေရခြင်းမှာ ငြိမ်းချမ်းရေး မရရှိသေးလို့ပဲဖြစ်ပါတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ရှားတေားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေရယ်က ပြောပါတယ်။
“ မငြိမ်းချမ်းလို့ကတော့ လက်ရှိဆက်လုပ်မယ့် ဖွံဖြိုးရေးလုပ်ငန်းတွေက ဘယ်လိုမှမလုပ်နိုင်ဘူး။ အဓိကအားဖြင့် ကျနော့်ရဲ့မဲဆန္ဒနယ်မြေ အမှတ်(၁) မှာရှိနေတဲ့ ကျေးရွာတစ်ချို့ဟာဆိုရင် မငြိမ်းချမ်းသေးလို့ အခုထိ လမ်းမဖောက်နိုင်သေးဘူးဆိုတဲ့ အနေအထားမျိုးရှိသေးတယ်လေး။” လို့ ဦးဌေးရယ်က ဆက်လက်ပြောပြခဲ့ပါတယ်။
၎င်းအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်ပူးပေါင်းပြီး ပထမဦးစားပေးအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“ကျနော်သာအနိုင်ရလို့ ကိုယ်စားလှယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒေသအကျိုးအတွက် ငြိမ်းချမ်းရေးကိုတော့ အဓိကထား ဆောင်ရွက်ပေးမယ် နောက်ပြီးတော့ ရှင်းရှင်းပြောရရင်တော့ ဒုက္ခသည်စခန်းမှာ ကျန်ရှိနေသေးတဲ့ ပုဂ္ဂိုလ်တွေအတွက်လည်းပဲ အများကြီးထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အလုပ်အကိုင်ရရှိရေးနဲ့ သိက္ခာရှိစွာနဲ့အိမ်ပြန်လာနိုင်ဖို့အတွက်က အမြဲတမ်းခေါင်းထဲထားပြီးတော့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဆက်ပြောပါတယ်။
ရှားတောမြို့နယ်ဟာ ကယားပြည်နယ်ရဲ့မြို့နယ်တွေထဲမှာ ဖွံ့ဖြိုးမှုနောက်ကျဆုံးမြို့နယ်ပဲဖြစ်ပြီး လက်ရှိအခြေအနေအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လုပ်လာတဲ့ကာလတစ်လျှောက်လုံး ကျေနပ်မှုမရှိတဲ့အပိုင်းက ငြိမ်းချမ်းရေးကိစ္စရပ်ပဲလို့ ၎င်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုအပေါ်မှာ ဖြေကြားခဲ့ဖူးပါတယ်။
“ ကျေနပ်အားရမှု မရှိတဲ့အပိုင်းက ဘာလည်းလို့ပြောပါဆိုလို့ရှိရင်တော့ ဒါကတော့ ကျမတို့ တစ်မြို့နယ်ထဲနဲ့သက်ဆိုင်တာ မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကတော့ ဘာလည်း ဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ကျမတို့ရှားတောမြို့နယ်က ကယားပြည်နယ်ထဲမာ ဆိုလို့ရှိရင် ဖွံ့ဖြိုးမှုနောက်ကျရခြင်း အကြောင်းအရင်းထဲမှာ မငြိမ်းချမ်းခြင်းရဲ့အကြောင်းအရင်းက တစ်ခုပါတယ်ပေါ့။”
ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရ နှစ်ဆက်ရဲ့လက်ထက်မှာတော့ ကျေးရွာလေးက အတော်အသင့်ဖွံ့ဖြိုးလာပြီဖြစ်ပြီးဆိုပေမယ့်လည်း လူထုတွေကို စိတ်ချမ်းသာအောင် နှစ်သိမ့်ပေးမည့်သူ၊ ပြည်သူတွေကို ချစ်ပေးမည့်သူကိုသာ လိုချင်တယ်လို့ တောင်းဆိုလိုက်ကြပါတယ်။
ရှားတောမြို့နယ်ထဲက ဦးတော်ရယ်က “၂၀၁၅ တုန်းက မဲထည့်ဖူးပါတယ်။ လူထုတွေကိုချစ်ပေး လူထုတွေဆီသွားပြီး ကူညီနှစ်သိမ့်ပေးတဲ့ သူကိုဘဲတက်ခိုင်းစေချင်ပါတယ်။”လို့ ပြောပါတယ်။
ရှားတောမြို့နယ်က ၈၃၄.၁၉စတုရန်းမိုင်ကျယ်ဝန်းပြီး ၁၉၉၄-၉၅ မတိုင်ခင်တုန်းက ကျေးရွာပေါင်း ၂၀၀နီးပါးလောက်ရှိခဲ့ရာက ပြည်တွင်းစစ်ကြောင့် ယနေ့မှာတော့ ကျေးရွာပေါင်း(၂၀)ခန့်လောက်သာကျန်ရှိနေတော့တာပါ။