ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံမူဝါဒရှိရမယ်လို့ KSCCပြော

0
976

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာရှင်စနစ်အမြစ်ပြတ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်ကြမယ့် ဖွဲ့စည်းလိုက်တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ အခြေခံမူဝါဒ ရှိရမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ( KSCC) ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထောက်ပြပြောဆိုပါတယ်။

“တကယ့်တကယ်လက်နက်ကိုင်တပ်ဖွဲ့ဆိုတာက ပြောရရင်တော့ ဖွဲ့ဖို့ဆိုတာမလွယ်ပါဘူး တကယ်တမ်း တပ်ဖွဲ့ဖွဲ့ဖို့ဆိုတာလေ။ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ရဲ့အခြေခံမူဝါဒတွေရှိရမယ် ဘာကြောင့် လက်နက်ကိုင်တာလဲ လက်နက်ကိုင်အဖွဲ့ကို ကျတော်တို့ စီမံခန့်ခွဲတဲ့ပုံစံရှိရမယ် လက်နက်ကိုင်တပ်ရဲ့ ဖွဲ့စည်းပုံတွေရှိရမယ်လေ အဲဒီလိုစနစ်တကျဖြစ်မှသာ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်လို့ရမယ် ကိုယ်ဖြစ်ချင်တဲ့အရာကိုလည်း ဗျူဟာကျကျနဲ့ဆောင်ရွက်လို့ရမယ် လက်နက်ကိုင်ပြီးမှ တန်းတိုက်မယ်ဆိုတာတော့ စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ နည်းနည်းလိုအပ်ချက်ရှိတယ်လို့ထင်ပါတယ်” လို့ အဆိုပါပုဂ္ဂိုလ်ကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိတဲ့ တိုက်ပွဲဝင်ရဲဘော်တွေစုစည်းပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Karenni People Defense Force KPDF) ကိုဖွဲ့စည်းလိုက်တဲ့ ထုတ်ပြန်ကြေညာချက် လူမှုစာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီမော့ဆို) ကိုလည်း မေလ ၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်းစစ်ကောင်စီကနေ ပြည်သူတွေကိုသတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်း စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တိုက်ထုတ်ရှင်းလင်းသွားမယ်လို့ ကြေညာထားပါတယ်။

ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထွက်ပေါ်လာဖို့အတွက် KSCC မှာပါဝင်ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ KSCC အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒီမော့ဆို)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထွက်ပေါ်လာမှုက အခြေခံမူဝါဒရှိရမှာဖြစ်ကြောင်း မေလ ၈ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ရဲ့မေးမြန်းမှုကို ဖြေကြားထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ လူထုကဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မကန့်ကွက်ဘူးလို့ KNPP အတွင်းရေးမှူး-၂ ခူးဒယ်နီယာယ်ကပြောပါတယ်။

လူထုအနေနဲ့စလုပ်နေကြတာရှိတယ် သို့သော် ကေအဲန်ပီပီအနေနဲ့ဘယ်လိုပါဝင်မလဲဆိုတာတော့ ပြောဖို့စောသေးတယ်ပေါ့နော ဒါကေတာ့ လူထုလုပ်ရင်တော့ ကျတော်တို့မကန့်ကွက်ဘူး ဖြစ်စဉ်တစ်ခုအပေါ်မှာ ရှင်းရှင်းလင်းလင်းတော့ဖြစ်သင့်တယ် ကေအဲန်ပီပီအနေနဲ့ကတော့ ဘယ်လိုပါဝင်မလဲ ဘယ်လိုစီမံမလဲဆိုတဲ့ဟာတော့ ယတိပြတ်ပြောလို့မရသေးဘူး လို့ ခူးဒယ်နီယာယ်ကပြောပါတယ်။

လက်ရှိဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်အတွက် အစီအစဉ်၊ မည်သူနဲ့ချိတ်ဆက်ဆောင်ရွက်မလဲ စသဖြင့် Plan ရှိရမှာဖြစ်ပြီး နောက်ကွယ်က ခိုင်မာတဲ့အစိုးရတစ်ရပ်၊ ကိုယ်စားပြုမှုခေါင်းဆောင်ရှိနေဖို့လိုအပ်တယ်လို့ ၎င်းကပြောပါတယ်။

သူတို့ကို ဘယ်သူကအုပ်ချုပ်မလဲ ဘယ်သူစီမံခန့်ခွဲမလဲ ဘယ္သူက Plan ခ်မလဲဆိုတာက အရေးကြီးတယ် ခေါင်းဆောင်မရှိရင်တော့ ဒီထက်ပိုခံရဖို့ရှိတယ် သူတို့နောက်ကွယ်မှာက တကယ်ခိုင်မာတဲ့အစိုးရတစ်ခု မဟုတ်ရင်လည်း ကိုယ်စားပြုမှုခေါင်းဆောင်ရှိနေဖို့လိုတယ် လို့ ခူးဒယ်နီယာယ် သုံးသပ်ပြောဆိုပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန်၊ မြို့နယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့ ဆက်လက်ဖွဲ့စည်းပြီး တော်လှန်ရေးအား ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်လုပ်ရှားနေလျက်ရှိတဲ့ ပြည်သူကို အကာကွယ်ပေးရန်၊ NUG , CRPH နဲ့ ကရင်နီပြည်နယ်အတွင်းရှိ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး အခြားတိုင်းနဲ့ပြည်နယ်နည်းတူ အကြမ်းဖက်စစ်ကောင်စီ ကျရံှုးတဲ့အထိ တိုက်ပွဲဝင်သွားရန် စတဲ့ ရည်ရွယ်ချက်တဲ့ ဖွဲ့စည်းထားပါတယ်။