spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဖမ်းဆီးခံရတဲ့ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်လေးဦး မလွှတ်မြောက်သေး၊

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ ကယန်းပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတဲ့ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် လေးဦးက ပြန်လည်လွှတ်မြောက်ခြင်းမရှိသေးဘူးလို့ ပရာဒေါင်းဆွေမျိုးစု လူငယ်နဲ့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

“သန်းစိုးနိုင်နဲ့ ‌ဆွေမျိုးစုခေါင်းဆောင်ကြားကို ကယန်းပြည်သစ် ဗဟိုကော်မတီတွေက ကြားဝင်ညှိနိုင်းနေတုန်းပါ။” လို့ ပရာဒေါင်းဆွေမျိုးစု လူငယ်တစ်ဦးကပြောပါတယ်။

အဖမ်းဆီးခံ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်တွေကို မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး လွတ်ပေးကိုလည်း ပရာဒေါင်းဆွေမျိုးစု လူငယ် တွေက မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

သတ္တုတူးဖော်ရေးကိစ္စနှင့်ပတ်သတ်ပြီး လေးပွင့်ကြယ်ကုပ္မဏီ ဥက္ကဌလည်းဖြစ်သလို၊ ကယန်းပြည်သစ်ပါတီ ဥက္ကဌလည်းဖြစ်တဲ့ ဦးသန်းစိုးနိုင် နဲ့ ဖမ်းဆီးခံရတဲ့ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်လေးဦးတို့အကြား ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီဝင်တွေက ကြားဝင်ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဌ ဦးဘမောင်၊ လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင် နဲ့ နာယက ဦးအားဒိုတို့ကို လေးပွင့်ကြယ်ကုမ္ပဏီ ဒါရိုက်တာဦးဒါးဝီနဲ့ အဖွဲ့တို့က သိကျိတ်ကျေးရွာရှိ ကယန်းအမျိုးသားခေါင်းဆောင်ကြီး ငိန်းကယန်းထန် (ခ) ဦးရွှေအေးနေအိမ်မှာ လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုက နှစ်ဖက်ညှိနှိုင်းမှုအတွက် ဖမ်းဆီးတာဖြစ်ပေမဲ့ ဒါဟာလူ့အခွင့်အရေးစံနှုန်းနဲ့မညီမျှဘူးလို့ ကယန်းမျိုးဆက်သစ်လူငယ်KNGY ကပြောပါတယ်။

ဒါဟာသမာသမတ်ကျတဲ့ ဆွေးနွေးညှိနိုင်းမှုမဟုတ်တဲ့အတွက် ရရှိလာတဲ့ သဘောတူညီချက်တွေလည်း ဆွေမျိုးစုခေါင်းဆောင်တွေရဲ့ စစ်မှန်တဲ့အသံဖြစ်မှာမဟုတ်ဘူးလို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အကယ်၍ အမှန်တစ်ကယ် ဆွေးနွေးညှိနှိုင်းချင်တယ်ဆိုရင် ခြိမ်းခြောက်မှုကင်းရမယ်။ ဖိနှိပ်မှုကင်းရမယ်ပေါ့နော။ ဖမ်းဆီးထိန်းသိမ်းတာမျိုးမဟုတ်ဘဲနဲ့ နှစ်ဦးနှစ်ဖက် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းပြောလို့ရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာပဲ ဆွေးနွေးညှိနှိုင်းတာမျိုးပဲ ဖြစ်သင့်တယ်ပေါ့နော။ ဒါကြောင့်မို့လို့ ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ဆွေးနွေးညှိနှိုင်းတယ်ဆိုတာဟာ ဆွေးနွေးညှိနှိုင်းတယ် ဆိုတာထက် ဖိအားပေး ခြိမ်းခြောက်တယ်လို့ပဲ ကျနော်တို့က မှတ်ယူတယ်ပေါ့နော” လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဦးသန်းစိုးနိုင်ဦးဆောင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီက မစ္စတာဝမ် တရုတ်ကုမ္ပဏီနဲ့ ၅ နှစ်စာချုပ်ချုပ်ပြီး ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအနီးမှာရှိတဲ့ မြင်းမထိတောင်ပေါ်မှာ အကြီးစားသတ္တုတူးဖော်ဖို့ လုပ်ငန်းစတင်နေတာကို ဒေသခံပရာဒေါင်းဆွေမျိုးစုတွေက ကန့်ကွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်လေးဦး လွတ်မြောက်လာရေးကိုလည်း ဆွေမျိုးစုတွေက မျှော်လင့်နေကြပြီး ဆန္ဒပြတောင်းဆိုမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts