ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၃ဦးအပါအဝင် ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁) ဗျူဟာဆီကနေ သိရပါတယ်။
ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့မှာ ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမရှိဘဲ စစ်ကောင်စီရဲ့ အမှတ် (၇) တပ်စခန်းကနေ လက်နက်ကြီး အကြိမ်ရေ (၁၀) ကြိမ်နဲ့အထက် ပစ်ခတ်ခဲ့တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာက ပြောဆိုထားပါတယ်။
“၇ ဦးထိခိုက်တာ ထိခိုက်သွားသူတွေက စစ်ရှောင်တွေပါ။”လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁) ဗျူဟာရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ထိခိုက်သူ ၇ ဦးအနက် ၈နှစ်အောက် ကလေးငယ် (၃)ဦးပါဝင်သလို အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးလည်း စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သွားသူ ၇ ဦးရဲ့အခြေအနေနဲ့ အသက်အရွယ်ကို သိရဖို့ ကန္တာရဝတီတိုင်း(မ်) ကနေ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူထုတွေရှိရာအရပ်ကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။
“တိုက်ပွဲဖြစ်တာတော့မရှိပါဘူး။ စစ်ရှောင်တွေ ပြည်သူတွေရှိတဲ့ ကျေးရွာဖက်မှာ ပစ်ခတ်တာကိုက တမင်သက်သက် လူထုတွေကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်လိုစိတ် တစ်ခုကြောင့်ပဲဖြစ်မှာပေါ့။”လို့ သူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားတဲ့ စစ်ဘေးရှောင်တွေကို ဖယ်ခုံကျန်းမာရေးကယ်ဆယ်ရေး ( PKHC )အဖွဲ့ကနေ ဆေးကုသမှု ဆောင်ရွက်ပေးခဲ့သလို ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့ အသက် (၄၀)ဝန်းကျင် အမျိုးသမီးကတော့ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။