spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်မှာ ရိက္ခာနဲ့ တပ်အင်အားကို စစ်ကောင်စီ ဖြည့်တင်းပို့‌ဆောင်ထား

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ရက်နေ့မှာ ရိက္ခာအပါအဝင် စစ်ကောင်စီတပ်သားတွေကိုတင်ဆောင်လာတဲ့ ကား ၁၈စီးကို ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ဖက်ကို ပို့ဆောင်ထားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးဆီကနေ သိရပါတယ်။

“တကယ်ဖြည့်တင်းပို့ဆောင်နေပါတယ်။ ကိုယ်တိုင်လည်းမြင်တွေ့ရပါတယ်။ ကားက ၁၈ စီးဝန်းကျင်လောက်ရှိမယ်။ ရိက္ခာတင်တဲ့ ၁၂ဘီးကားက ၁၀ စီးကျော်လောက်ပါတယ်ပေ့ါနော်။”လို့ ပင်လောင်းဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီ အင်အားတွေ ဖြည့်တင်းမပို့ဆောင်ခင် ပင်လောင်း-ဖယ်ခုံနယ်စပ်က ကျေးရွာတွေနဲ့ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ရှိနေပါပြီ။

ပင်လောင်းကနေဖယ်ခုံကို ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်အင်အား အတိအကျမသိရပေမယ့် ခန့်မှန်းခြေအင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက အခုလိုပြောပါတယ်။

“ပင်လောင်းဖက်ကနေ ဖယ်ခုံဖက်ကို စစ်ကောင်စီ အင်အားတွေဖြည့်နေတယ် ဆိုတဲ့သတင်းက တော့မှန်ပါတယ်ပေါ့နော်။ စစ်ကောင်စီဖက်အင်အားကတော့ အတိအကျ ခန့်မှန်းရခက်ပေမယ့် ၅၀ နဲ့ ၁၀၀ ဝန်းကျင်မှာတော့ ရှိနိုင်ပါတယ်ပေါ့။”လို့ တာအယ်စိုးက ဆိုပါတယ်။

အဆိုပါတပ်အင်အားနဲ့ ရိက္ခာဟာ ဖယ်ခုံမြို့မှာ ရောက်ရှိနေပြီလို့ သိရပါတယ်။ စစ်​ကောင်စီဖြည့်တင်းလာတဲ့ တပ်တွေဟာ ဖယ်ခုံမြို့အပြင် မိုးဗြဲ ၊ လွိုင်ကော်မြို့နယ်ဖက်ကိုလည်း ထိုးစစ်ဆင်လာနိုင်တယ်လို့ တာအယ်စိုးက ဖြည့်စွက်ပြောဆိုထားပါတယ်။

“လွိုင်ကော်ဖက်ကိုလည်း တချို့ လမ်းကြောင်းတွေ ဖောက်ထားတာဖြစ်တဲ့အတွက် အချိန်မရွေးဝင်ထွက်တာမျိုးတွေ အင်အားဖြည့်တာမျိုးတွေ ရှိနိုင်ပါတယ်ပေါ့။”လို့ သူကဆိုပါတယ်။

ဖယ်ခုံမြို့ပေါ်နဲ့ ပင်းလောင်း-ဖယ်ခုံနယ်စပ်ဖက်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလပထမအပတ်ကစပြီး နိုဝင်ဘာလအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံမြို့နယ်အရှေ့ဘက်ခြမ်းက ကာလ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိမှန်သေဆုံးခဲ့ရသလို မိုးဗြဲ-လွိုင်ကော်ပြည်ထောင်စုလမ်းမကြီးအနီးက ကျေးရွာတွေကိုလည်း လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်အင်အားတွေ ဖြည့်တင်းပို့ဆောင်ပြီးတဲ့နောက် လက်ရှိ မိုးဗြဲ-ဖယ်ခုံဖက်အပြင် ပင်လောင်းဖက်မှာ တိုက်ပွဲငြိမ်နေတယ်လို့လည်း သိရပါတယ်။ ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ (၃၃၆) ၊ ခမရ (၄၂၁) နဲ့ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ ) တို့ အခြေစိုက်ထားပါတယ်။

spot_img
spot_img

Recent posts