ကန္တာရဝတီတိုင်း( မ် )
ဖယ်ခုံမြို့ ၊ ဆီးမီးလော့ကျေးရွာမှာ ဒီကနေ့ ( မေလ ၁၇ရက်နေ့ ) မနက် ၅နာရီခွဲအချိန်ကနေ ၉နာရီအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားနေခဲ့ရတယ်လို့ အနီးအနားကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိသေးသလို စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးကိုလည်း အတည်မပြုနိုင်သေးဘူးလို့ ဖယ်ခုံ PDF တပ်ရင်း ( ၂ ) တာဝန်ရှိသူ တစ်ဦးက နေ့ခင်း ၁၁ နာရီဝန်းကျင်မှာ ကန္တာရဝတီတိုင်း (မ်) ကိုအတည်ပြု ပြောပါတယ်။
ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးကိုမေးမြန်နေတဲ့ နေ့လည်ပိုင်းအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဆီးမီးလော့ကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ မနေ့က မနက်မှာ ပြောင်းသွားတာ။ ကျနော်တို့ စပစ်တဲ့ အသံကြားတော့မှ ဒီဘက် ဒေါ်ပေါ်ကူးတို့ ဆီးမီးလော့တို့ ပြောင်းသွားတာပေါ့နော။ ရှောင်ရတာကတော့ တော်တော်များတယ်။ ဒီတစ်ကြောလုံးပဲ ပြောရမယ်ပေါ့။ ဒီတစ်ကြောလုံးပဲ။ ဆောင်ကန်း ရှမ်းကနေ ဟိုး ဆောင်နန်းခဲ တစ်ကြောလုံး။ “ လို့ ၎င်းက ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့လည်း တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးအနားကျေးရွာက ဒေသခံတစ်ဦးက ဆိုပါတယ်။
ယမန်နေ့ ( မေလ ၁၆ရက်နေ့ ) မနက် ၁၁နာရီခွဲမှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ( ၂ ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ယမန်နေ့ ညနေ ၅နာရီအချိန်မှာလည်း ဖယ်ခုံမြို့ ဆောင်နန်းခဲကျေးရွာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်း မီးရှို့ခဲ့တယ်လို့ KNDF B-03 က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာတော့ ဒါဟာ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။