ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံအရှေ့ဖက်ခြမ်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ရှောင်လူထုတွေအတွက် လက်ရှိမှာ ရေရှည်ခိုလှုံနိုင်မယ့် နေရာတွေ ရှားပါးလာတယ်လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
စစ်ပွဲဖြစ်တဲ့ နေရာတွေနဲ့ စစ်ရှောင်ရတဲ့ လူထုတွေများလာတာကြောင့် ရေရှည်ခိုလှုံနိုင်ပြီး လုံခြုံမှုရနိုင်မယ့် နေရာတွေ နည်းပါးလာတယ်လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ နွေဦးဂုရုလေးများ အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ပွဲတွေဖြစ်နေတဲ့အခြေအနေမျိုးမှာ တဖက်မှာလည်းစစ်ဘေးရှောင်ပြည်သူတွေ ထပ်တိုးလာတယ်။ အကျိုးဆက်က လုံခြုံမယ့်နေရာမှာ ခိုလှုံနိုင်မယ့်နေရာတွေနည်းလာတာပါပဲ။ မြေပြင်စိန်ခေါ်မှုက သူတို့ရှောင်မယ့်နေရာရဲ့လုံခြုံမှုက ရေရှည်ရှိနေနိုင်ပါ့မလားဆိုတာပါပဲ။” လို့ နွေဦးဂုရုလေးများ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဖယ်ခုံအရှေ့ဖက်ခြမ်းမှာရှိတဲ့ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နမ့်ပေါ်လုံ၊ လဟယ်၊ ပိန္နဲကုန်း အပါအဝင် ကျေးရွာအများစုဟာ ဘေးလွတ်ရာကို ထွက်းပြေးတိမ်းရှောင်နေကြရတာပါ။ စစ်ရှောင်လူထုတွေ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ဖို့ အဓိက ဦးစားပေးကြပေမဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေ ဖြစ်တဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း မိုးရာသီဖြစ်တဲ့အလျောက် အမိုးအကာလည်း လိုအပ်ချက်ရှိနေကြပြီး စစ်ရှောင်ရတဲ့သူတွေ များလာတာကြောင့် လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ စစ်ရှောင်ကူညီသူတွေအနေနဲ့လည်း ခက်ခဲလာနိုင်တယ်လို့ အဆိုပါ နွေဦးဂုရုလေးများ အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။
“ စစ်ရှောင်တွေ သူတို့ ရှောင်မယ့်နေရာရဲ့လုံခြုံမှုက ရေရှည်ရှိနေနိုင်ပါ့မလား ဆိုတာရယ်။ နောက်ဆက်တွဲ စိန်ခေါ်မှုတွေက စားနပ်ရိက္ခာ၊ ခိုလှုံစရာအမိုးအကာတွေ အလုံအလောက်ရနိုင်ဖို့ ခဲယဉ်းလာနိုင်ပါတယ်။”လို့ သူက ဆိုပါတယ်။
လက်ရှိတိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေဟာ ဒီးမော့ဆို နဲ့ ရှမ်းပြည်နယ်ဖက်ကို တိမ်းရှောင်ကြရပြီး စစ်ရှောင်ဦးရေ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။