ကန္တာရဝတီတိုင်း (မ်)
ရှမ်း- ကရင်နီ နယ်စပ် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ ဒေသခံတွေဟာ စိုက်ပျိုးလုပ်ကိုင်ထားတဲ့ စိုက်ခင်းတွေကိုပစ်ပြီး တိုက်ပွဲတွေနဲ့ ဝေးရာကို မတိမ်းရှောင်နိုင်သေးသူတွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီကနေ သိရပါတယ်။
“အခုချိန်က စိုက်ပျိုးရေးကာလ တစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့အနေနဲ့ကတော့ ဒီရွာမှာ နေလို့ရသလောက်တော့ နေနိုင်သလောက် နေဦးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့လည်း နေကြတာရှိတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေရာယူထားတဲ့ ကျေးရွာတွေနဲ့ အနီးနားကကျေးရွာတွေကတော့ တိမ်းရှောင်ကြတာရှိပေမယ့် နေထိုင်လို့ရနေဆဲကျေးရွာတွေကတော့ အရဲစွန့်နေထိုင်သူတွေရှိနေဆဲဖြစ်ပါတယ်။
“ကျနော်တို့ ဒီတိုက်ပွဲအခြေအနေ စိုးရိမ်ရတဲ့ အုပ်စုတွေတော့ ရှောင်တိမ်းတာတော့ရှိတယ်ပေါ့။ အရှေ့ဖက်ကမ်းတကြောလုံး ရွာလုံးကျွတ် ရှောင်တိမ်းတာမျိုးမဟုတ်ဘူး။”လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
အဓိက စိုက်ပျိုးရာသီကာလမှာ နေလို့ရသလောက်အထိ ဆက်လက်နေထိုင်ပြီး စိုက်ပျိုးမှုတွေ လုပ်ဆောင်ချင်တာကြောင့် ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ဖယ်ခုံအင်း အရှေ့ဘက်ကမ်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ပြည်သူတွေ မကြာခဏ တိမ်းရှောင်နေကြရပြီး စစ်ရှောင်လူထုတွေကို သွားရောက်ကယ်ထုတ်ချိန်မှာလည်း မတူညီတဲ့ စိန်ခေါ်မှုတွေများစွာ ရင်ဆိုင်နေရတာရှိတယ်လို့ နောက်ထပ် မြေပြင် စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။
“စစ်ရှောင်တွေကို ကယ်ထုတ်တာ ခေါ်ထုတ်တာတော့ စိန်ခေါ်မှုတွေရှိတာပေါ့။ မတူဘူးပေါ့။ တခါတလေက အရေးနဲ့အကြောင်း သွားကယ်ထုတ်ရမှာဆိုရင် လူဦးရေများရင် ဘယ်ဖက်ကို သွားတိမ်းရှောင်ရမလဲ၊ ဘယ်ကို ပို့ပေးရမလဲဆိုတာရယ်။ နောက်ပြီး သူတို့ အနေအေးသွားပြန်တော့လည်း နေရပ်ကို ပြန်လာ ချင်တာရယ် အဲ့လိုတွေဖြစ်ပြန်ရော။”လို့ မြေပြင် စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီနဲ့ PNO တို့ စစ်ကြောင်းကြောင့် ဖယ်ခုံ အရှေ့ဖက်ကမ်းက ကျေးရွာလူထုတွေဟာပြီးခဲ့တဲ့ ဇွန်လ (၉) ရက်နေ့ကတည်းက လူဦးရေ ထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရသလို ဇွန်လ ၂၄ ရက်နေ့မှာလည်း ထပ်မံ စစ်ကြောင်းထိုးမှုကြောင့် လူထုအချို့ ထပ်မံ တိမ်းရှောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာလည်း ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျောင်းသားကျောင်းသူ (၂၀၀) ကျော်ကို IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ကနေ သွားရောက် ကယ်ထုတ်ခဲ့တာရှိပါတယ်။
လက်ရှိမှာတော့ ဖယ်ခုံမြို့နဲ့ နီးကပ်တဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ကျေးရွာထဲ ကျန်ရှိနေသေးတဲ့ ဖယ်ခုံ အရှေ့ဖက်ကမ်းက ဒေသခံတွေကလည်း သူတို့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ပိုမို မြင့်မားလာကြနေကြပါတယ်။