spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုက နနွင်းစိုက်တောင်သူတွေ ပြီးခဲ့တဲ့နှစ်ထက် ဈေးပိုရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ နနွင်းဈေးဟာ ပြီးခဲ့တဲ့နှစ်ထက် ဈေးပိုရတယ်လို့ နနွင်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

နနွင်းဈေးပိုရတာကြောင့် စားဝတ်နေရေးအခက်အခဲကို တစ်ဖက်တစ်လှမ်းက ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

“နနွင်းရောင်းပြီးမှရလာတဲ့ ငွေနဲ့ အိမ်အတွက် ဆန်တစ်အိတ်လောက်ဖြစ်ဖြစ် ပိုဝယ်စားနိုင်တယ်‌လေ။ အဲ့တာနဲ့ စားဝတ်နေရေးအတွက် အများကြီးမဖူလုံရင်တောင်မှ အခက်ခဲနည်းနည်းဖြစ်ဖြစ် ဖြေရှင်းနိုင်တာပေါ့” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က နနွင်းတစ်ပိဿာကို ၆၀၀၀ကျပ် ဈေးရှိပြီး ယခုနှစ်မှာတော့ တစ်ပိဿာကို ၁၀၀၀၀ ကျပ်ထိ ရရှိတယ်လို့ ဆိုပါတယ်။ နနွင်းအစိုတစ်ပိဿာကို ၃၀၀၀ကျပ် ပေးဝယ်ပြီး နနွင်းအခြောက်ကို တစ်ပိဿာ ၁၀၀၀၀ကျပ် အထိ ပေးဝယ်တယ်လို့ ကုန်အရောင်းအဝယ်လုပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က နနွင်းကို စိုက်ပျိုးသူနည်းပေမယ့် ဒီနှစ်မှာတော့ နနွင်းဈေးကောင်းရတာကြောင့် တိုးချဲ့စိုက်ပျိုးလာကြသူလည်း ရှိတယ်လို့ ဆိုပါတယ်။

“အရင်ကဆို နနွင်းစိုက်ဆို သူတို့ စိတ်မဝင်စားကြဘူး။ စိတ်မဝင်စားတော့ စားဖို့ပဲ အိမ်တွင်း တစ်အုံ၊ နှစ်အုံပဲလုပ်ကြတယ်။ နောက်အရင်နှစ်က သူများတွေ တော်တော်လေးဝယ်ပေးတာပေါ့နော။ အဲ့လိုမျိုး ကျယ်ကျယ်ပြန့်ပြန့်လေး ဝယ်ပေးတော့ သူတို့တွေ တော်တော်လေးစိုက်ဖြစ်လာတယ်။ တချို့ဆို ဖာလာခင်းတွေရှင်းပြီးမှ နနွင်းအစားထိုးစိုက်တာပေါ့နော။ အဲ့လောက်ထိ သူတို့ပြန်လုပ်ကြတယ်”လို့ ကုန်အရောင်းအဝယ်လုပ်သူတစ်ဦးက ဆက်ပြောပါတယ်။

နနွင်းစိုက်ပျိုးမှုကို ပိုမိုလုပ်ဆောင်လာတာတွေကြောင့် နနွင်းအထွက်နှုန်းမှာ အရင်နှစ်ထက် ပိုတိုးလာတယ်လို့ ကုန်သည်တစ်ဦးက ဆက်ပြောပါတယ်။

“အထွက်နှုန်းတော့ပိုများမှာပဲ။ ဒါမဲ့ အခုမှ စလုပ်နေကြတော့ လောလောဆယ်တော့ နည်းနည်းပါးပါးပဲ စရောင်းသေးတာပေါ့နော။ အားလုံးတော့ မရောင်းသေးဘူး။ စိုက်တဲ့လူဦးရေလည်း များလာတယ်။ ၊သူတို့ဟာလည်း နဲနဲလေး နည်းစနစ်တွေလည်း သိလာတယ်ဆိုတော့ တဖြည်းဖြည်း ခြံတွေကလည်းပွားလာပြီလေ အဲ့ဒါ အထွက်နှုန်းတော့ပိုများမှာပဲ။” လို့ သူက ဆက်ပြောပါတယ်။

နနွင်းကို ဧပြီလ ၊ မေလ မှာ စိုက်ပျိုးကြပြီး နောက်နှစ် ဖေဖော်ဝါရီလမှာ ပြန်တူးကြတာပါ။ တူးထားတဲ့ နနွင်းတွေကို ပြန်ပြုတ်တာ၊ အခြောက်လှန်းတာတွေပြုလုပ်ပြီးမှ ပြန်လည်ရောင်းချကြတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းက ကျေးရွာတွေမှာ စပါး၊ ပြောင်း၊ ငရုတ်သီး စတဲ့သီးနှံတွေကို ဝမ်းစာအတွက် စိုက်ပျိုးပြီး ဖာလာ၊ နနွင်း‌ ၊ ဝဥ ကိုတော့ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ စီးပွားဖြစ်သီးနှံတွေကိုတော့ ဆီးဘူး၊ တောင်ကြီးဖက်ကို အဓိက တင်ပို့ရောင်းချကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts