spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်မှာ ကိုယ်ထူကိုယ်ထကျောင်း ၇ ကျောင်းထပ်တိုးလာပြီး ကျောင်းဖတ်စာအုပ် လိုအပ်နေ

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၇ ကျောင်း ထပ်တိုးလာပြီး ယခု ပညာသင်နှစ်အတွက် ကျောင်းဖတ်စာအုပ်တွေ လိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံတွေက ပြောပါတယ်။

လက်ရှိဖွင့်လှစ်နေတဲ့ ကျောင်းအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းသာ ကျောင်းဖတ်စာအုပ်ကို အသုံးပြုနိုင်သေးတယ်လို့ ဖရူဆို ပညာရေးဘုတ်အဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“စိန်ခေါ်မှုက ဖတ်စာအုပ် အခက်အခဲပေါ့၊ ပညာရေးနဲ့ပတ်သက်တာကလည်း အဓိက ဖတ်စာအုပ်ပဲ၊ ဖတ်စာအုပ်က လုံလုံလောက်လောက်တော့ ရှိစေချင်တယ်၊ စာရေးကိရိယာ သာမက ဆရာ/မ တွေရဲ့ စိတ်ဓာတ်ခွန်အားတွေ မြှင့်တင်ဖို့လည်း လိုတာပေါ့။” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ တစ်မြို့နယ်လုံးရဲ့ ကိုယ်ထူကိုယ်ထ ‌ကျောင်းမှာတော့ ဖတ်စာအုပ် လိုအပ်ချက်မှာ ပထမ စိန်ခေါ်မှု တစ်ရပ် ဖြစ်လာသလို လတ်တလောမှာ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဖတ်စာအုပ်လည်း ရရှိဖို့ ခက်ခဲသလို ကျောင်းသားမိဘတွေ ဝယ်ယူဖို့က အထက်တန်းအဆင့်မှာ ဘာသာစုံအနေနဲ့ အမြင့်ဆုံး ကျပ် ၆၀၀၀၀ အထိ ရှိနေပြီး စစ်ဘေးရှောင်ကာလအတွင်း ဝယ်ယူဖို့ ခက်ခဲနေကြတယ်လို့လည်း ဆိုပါတယ်။

ယခင်နှစ်မှာလည်း ကျောင်းဖတ်စာအုပ် လုံလောက်တာမရှိပဲ ‌ကျောင်းသူ/သားတွေ မျှသုံးနေရပြီး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်း ယခင်နှစ် ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၁၀၈ ‌ကျောင်းရှိပြီး၊ ယခုနှစ်မှာတော့ ၁၁၅ ကျောင်းရှိကာ ကျောင်းသူ/ သားပေါင်း ၉၀၀၀ ‌ကျော်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img