ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားတဲ့ မြို့နယ် (၁၇) မြို့နယ်ထဲက ဖွံဘော်ခွတ်မြို့နယ်အတွင်းမှာ ဆေးရုံမရှိတဲ့အတွက် အရေးကြီးလူနာတွေကို လွှဲပြောင်းပေးနိုင်ဖို့ အရေးပေါ်ကားတစီး ထားရှိဖို့ လိုအပ်တယ်လို့ ဖွံဘော်ခွတ်မြို့နယ်၊ ကျန်းမာရေးဦးစီးအရာရှိ ဒေါ်ဂျူးလစ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
မြို့နယ်အတွင်းမှာ ဆေးခန်းရှိပေမယ့် အသေးစား ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ပြုလုပ်ပေးနိုင်ပြီး အရေးကြီးလူနာရှိလာပါက ဆေးရုံလွှဲပြောင်းနိုင်ဖို့ ကားရှာဖွေရတာ၊ ငှားရမ်းရတာကြောင့် အချိန်ပိုကြန့်ကြာမှုရှိနေတာပါ။ လူနာ အသက်သေဆုံးနိုင်တာကြောင့် အရေးပေါ်ကား ထားရှိဖို့က အရေးကြီးတယ်လို့ ဒေါ်ဂျူးလစ်က အခုလို ပြောပါတယ်။
“အရေးပေါ် အတွက်ခါကျတော့ ဆေးဝါးကရှိပေမယ့် ကျမတို့ရဲ့ ဆေးခန်းအခြေအနေက ကျန်းမာရေးဌာနကတော့ အသေးစားဘဲ ပြုလုပ်ပေးရတာပေါ့။ ပိုလိုအပ်တာကတော့ ကားပေါ့။ အရေးပေါ်ကားတွေလိုအပ်တယ်။ မြို့နယ်အနေနဲ့ကြည့်မယ် ဆိုလို့ရှိရင်တော့ ဒီရွာအနေနဲ့ကတော့ ဆေးရုံဆေးခန်းနဲ့နည်းနည်းပိုနီးတယ်။ ကျမတို့ထက်ဝေးတဲ့ အုပ်စုတွေက ရှိတဲ့ခါကျတော့ တကယ်တမ်း ကားရမယ်ဆိုလည်း ဟိုဖက်အုပ်စုကို ပိုပြီးတော့ ဦးစားပေးရမယ်။”လို့ ဒေါ်ဂျူးလစ်က ပြောပါတယ်။
အရေးပေါ်ကားမရှိသလို လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့်လည်း ဆေးရုံကို အချိန်မှီမရောက်ရှိတာကြောင့် သစ်ပင်ပေါ်က ပြုတ်ကျတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး အသက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဆေးခန်းကနေ အရေးပေါ်အခြေအနေအတွက် လိုအပ်တဲ့ဆေးဝါးကိုတော့ အမြဲအဆင်သင့်ထားရှိတယ်လို့ ဆိုပါတယ်။ ဖွံဘော်ခွတ်မြို့နယ်အတွင်းမှာ ဒေလကြို၊ တိုးခွတ် ၊ နန်းဖဲ စတဲ့ အုပ်စုကြီး ၃ စုရှိပြီး စစ်ဘေးရှောင်အပါအဝင် ကျေးရွာခံ စုစုပေါင်း လူဦးရေ ၈၀၀၀ ကျော် ရှိပါတယ်။
တစ်မြို့နယ်လုံးမှာ တိုက်နယ်ဆေးရုံမရှိသလို အသေးစားခွဲစိတ်ကုသပေးနိုင်တဲ့ ဆရာဝန် ထားရှိဖို့လည်း ဒေသခံတွေက တောင်းဆိုမှုရှိတယ်လို့ သိရှိရပါတယ်။
“ အသေးစား ခွဲစိတ်မှုတို့ ကျမတို့လည်းအကုန်မသိနိုင်ဘူး ၊ ကျမတို့ထက်ပိုသိတဲ့ဆရာဝန်တွေ ရှိတယ်ဆိုလို့ရှိရင် လွဲပြောင်းစရာလိုတဲ့ဟာဆို ပိုသိတယ်။ ကျမတို့ကတော့ အတွေ့အကြုံနဲ့ လူနာတွေကြည့်ပြီးတော့ လွှဲပြောင်းရတယ်။”လို့ ဒေါ်ဂျူးလစ်က ဆက်ပြောပါတယ်။
ဖွံဘော်ခွတ်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၃ ရွာရှိပြီး ဆေးခန်း စုစုပေါင်း ၇ လုံး ရှိပါတယ်။ ဆေးခန်းလာရောက်ပြသတဲ့လူနာအများစုက ရာသီအလိုက်ဖြစ်ပွားတဲ့ တုတ်ကွေးဖျားနာမှု၊ ဝမ်းပျက်၊ဝမ်းလျှော ၊ နာတာရှည်ရောဂါ၊ သွေးတိုး ၊ ဆီးချို စတဲ့ လက္ခဏာခံစားကြတာ များပြားတယ်လို့ မြို့နယ်ကျန်းမာရေးဌာနရဲ့စာရင်း သိရှိရပါတယ်။