spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

ဖွံဘော်ခွတ် မြို့နယ်အုပ်ချုပ်ရေးကောင်စီရဲ့ အကြံပေး ခွံဂျွိမ်း(စ်)နေမင်းလွင် နဲ့ တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

“ကျနော်တို့ဖွဲ့စည်းထားတဲ့ ကောင်စီဝင်တွေကလည်း သူ့ရဲ့ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်သွားမယ်၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့လည်း ပုံမှန်ချိတ်ဆက်ဆောင်ရွက် ၊ အောက်ခြေကနေလည်း အထက်ကို ပုံမှန် ချိတ်ဆက်လုပ်ဆောင်သွားမယ့်လုပ်ငန်းတွေဆိုရင် ဒါက စနစ်တခုအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတခု ဖြစ်လာလိမ့်မယ်။”

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပြည်ထဲရေးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲကနေ မြို့နယ်အဆင့် အုပ်ချုပ်ရေးကို ( ၁၇ ) မြို့နယ်အထိ ဖွဲ့စည်းပြီး ဒေသတွင်း အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ဆောင်ရွက်နေပါတယ်။

မြို့နယ် ( ၁၇ ) မြို့နယ်အနက် ဖွံဘော်ခွတ်မြို့နယ်ဟာ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း နဲ့ ဖရူဆို – ဘောလခဲမြို့ နယ်စပ်က ကျေးရွာ၊ ရပ်ကွက်၊ အုပ်စုတွေကို စုပေါင်းပြီး IEC က ပြန်လည် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဖွံဘော်ခွတ်မြို့နယ်အတွင်းမှာ ဒေလကြို ၊ နန်းဖဲ ၊ တိုးခွတ် စတဲ့ အုပ်စု ၃ စုရှိပြီး ဒေသခံနဲ့ စစ်ဘေးရှောင်အပါအဝင် လူဦးရေ ၈၀၀၀ ကျော် ရှိပါတယ်။

မြို့နယ်ကောင်စီကို ဖွဲ့စည်းပြီးနောက် အုပ်ချုပ်ရေးယန္တရားဆောင်ရွက်မှုအခြေနေ နဲ့ စိန်ခေါ်ချက် ၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု ၊ ဒေသခံတွေရဲ့လိုအပ်ချက် ၊ တင်ပြတောင်းဆိုမှု အခြေအနေတွေကို ဖွံဘော်ခွတ် မြို့နယ်အုပ်ချုပ်ရေးကောင်စီရဲ့ အကြံပေး ခွံဂျွိမ်း(စ်) နေမင်းလွင် ကို ကန္တာရဝတီတိုင်း ( မ် ) က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မြို့နယ်ကောင်စီကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းဆောင်ရွက်တာလဲ။
ဖြေ ။ ။ ဖွဲ့စည်းခဲ့တာ ၂၀၂၄ မေလမှာ တရားဝင် IEC ရဲ့ ဦးစီးကောင်စီကနေ အသိအမှတ်ပြုတာ တနှစ်ကျော်လာခဲ့ပြီ၊ အဲ့ချိန်ကတည်းက စဖွဲ့ခဲ့တယ်။

မေး ။ ။ ကောင်စီရဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်က ဘယ်လိုရှိလဲ၊ အဖွဲ့ဝင်တွေ ဘယ်နှစ်ဦးရှိလဲ။
ဖြေ ။ ။ အဖွဲ့ဝင်ကတော့ စုစုပေါင်း ၇ ဦးရှိတယ် အကြံပေးကတော့ တဦးပါမယ်။ ထဲထဲဝင်ဝင် ဖွဲ့စည်းပုံအရကတော့ ဥက္ကဌ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူး၊ ကျန်တာကတော့ အဖွဲ့ဝင်တွေရှိမယ်။

ဒေလကြိုအုပ်စုအတွင်း ဝေးလံခေါင်ဖျားတဲ့ ဟန်စောခူ ကျေးရွာက ဒေသခံတွေကို တွေ့ရစဉ်

မေး ။ ။ မြို့နယ်ကောင်စီကနေ လတ်တလော ဆောင်ရွက်ချက်တွေက ဘယ်လိုရှိမလဲ။ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဘယ်လိုပုံစံနဲ့သွားနေလဲ။
ဖြေ ။ ။ ပြည့်စုံတာတော့မရှိသေးဘူး၊ စပြီးရုန်းကန်လာတဲ့အခြေအနေအရဆိုရင် မြို့နယ်ရဲ့ကောင်စီဝင်တွေက အဓိက ဘာလုပ်လဲဆိုရင် အုပ်ချုပ်ရေးယန္တရားတခုကို စနစ်တကျနဲ့ပြန်လည်ပတ်နိုင်ဖို့ဆိုရင် အရင်တုန်းက အုပ်ချုပ်ရေးပုံစံမျိုးရှိမယ်၊ စနစ်တကျမဖြစ်တဲ့ဟာရှိမယ်ပေါ့။ အဲ့တော့ ဒီဟာကို စနစ်တကျနဲ့သွားနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဖွဲ့စည်းခဲ့တယ်။ အဓိက လုပ်ငန်းဆောင်တာကတော့ ဒေသရဲ့အုပ်ချုပ်ရေးက နံပါတ်တစ်ပေါ့။ ဒေသရဲ့ ရပ်ရွာ၊ အုပ်စု အုပ်ချုပ်ရေးတွေကို စနစ်တကျ ပြန်ဖွဲ့စည်း ဆောင်ရွက်သွားတဲ့ဟာရှိတယ်။ လက်လှမ်းမီသလောက် ဒေသရဲ့လိုအပ်ချက်တွေကတော့ ဖြည့်ဆည်းဆောင်ရွက်ရတဲ့ဟာရှိတယ်ပေါ့။ ကဏ္ဍအလိုက် ပြောရရင်ကတော့ ပညာရေး၊ ကျန်းမာရေးဆိုလည်း ကိုယ်ထူကိုယ်ထ စပြီး ရုန်းရတဲ့အခြေအနေရှိတယ်။ နောက်ပိုင်းမှ ပြည်နယ်အဆင့်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ရတဲ့ဟာရှိတယ်။ လတ်တလောဖြစ်သွားတဲ့ အရေးပေါ် ကိစ္စမျိုးတွေရှိရင်တော့ မြို့နယ်ရဲ့ကောင်စီဝင်တွေကတော့ ဦးဆောင်ပြီး ရပ်ရွာ၊ အုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားတဲ့ ဟာတွေရှိတယ်ပေါ့။

မေး ။ ။ ဖွံဘော်ခွတ်မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း ဘယ်လောက်ရှိလဲ လူဦးရေကတော့ ပျမ်းမျှ ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ အုပ်စုကတော့ သုံးအုပ်စုနဲ့ဖွဲ့သွားတယ်။ဒေလကြို၊ တို့ခွတ် ၊ နန်းဖဲရှိမယ်။ ကျေးရွာပေါင်းကတော့ ၂၃ ရွာ၊ လူဦးရေကတော့ ပျမ်းမျှအားဖြင့် ၆၀၀၀ ကျော်ရှိမယ်။ စစ်ရှောင်ကတော့ ၂၀၀၀ ကျော်လောက်ရှိမယ်။ ဒေလကြိုမှာကတော့ ၉ ရွာရှိမယ်၊ တို့ခွတ်မှာတော့ ၁၁ ရွာရှိမယ်၊ နန်းဖဲကတော့ ၃ ရွာပေါ့။ နန်းဖဲကတော့ ၄ ရွာရှိတယ် တရွာကတော့ ကေးလျားမြို့နယ်ထဲပါသွားတယ်ပေါ့နော။

မေး ။ ။ မြို့နယ်ထဲက အုပ်စု ၃ စုကို နယ်မြေအလိုက် ဒေသအုပ်ချုပ်ကို ဘယ်လိုပုံစံနဲ့လည်ပတ်ဆောင်ရွက်နေလဲ။
ဖြေ ။ ။ ဒီဖက်က ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တဲ့အတွက်ကြောင့်မလို့ အဓိကကတော့ ချိတ်ဆက်ဆက်သွယ်ရေးပြောရမှာပေါ့ ဒီတခုနဲ့တင် စိန်ခေါ်မှု ကြုံနေရတယ်။ တအုပ်စုနဲ့ တအုပ်စု အဓိက ဆက်သွယ်ဆက်ဆံဖို့ဆိုရင် အခက်အခဲဖြစ်တဲ့ အခြေနေတခုဖြစ်တယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးသော်လည်းကောင်း၊ အွန်လိုင်းပေါ်က ဆက်သွယ်ရေးဆိုလည်း လက်လှမ်းမီမှုသိပ်မရှိတဲ့ အတွက်ကြောင့် အဓိက စိန်ခေါ်မှုတခုဖြစ်တယ်ပေါ့။

မေး ။ ။ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကလည်း အဓိက ကျတဲ့ အခန်းကဏ္ဍမှာပါဝင်နေသလို အုပ်ချုပ်ရေးကဏ္ဍကနေ ဒီအရာကို ဘယ်လိုဆောင်ရွက်သွားဖို့ရှိမလဲ။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက်က ဘာတွေဆောင်ရွက်ထားတာရှိလဲ၊ ဘာတွေလုပ်ဆောင်သွားမလဲ။
ဖြေ ။ ။ ဆက်သွယ်ဆက်ဆံရေးလို့ပြောတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးကလည်း ဒုတိယစိန်ခေါ်မှုကြီးတခုအနေနဲ့ပေါ့။ အရင်တလောကတော့ ပွင့်လင်းရာသီတုန်းက လက်လှမ်းမီသလောက် ပြန်ပြုပြင်ထားတဲ့ဟာတွေရှိတယ်။ အဓိကကတော့ အုပ်စုချင်း ဆက်သွယ်ထားတဲ့လမ်း ပြင်ထားတာရှိတယ်။ ပြင်ပေမဲ့လည်း အခု မိုးရာသီပြန်ရောက်တော့ မြေသားလမ်းပဲဖြစ်သေးတဲ့အတွက်မို့ ပြန်ပြီးပျက်သွားတဲ့ဟာရယ် ပိုပြီးတော့ပျက်စီးလာတဲ့ဟာရှိတယ်။ မိုးရွာတော့ တံတားပြိုမယ့်အနေအထားလည်း ပိုပြီးရှိလာတယ်။အဲ့တော့ အုပ်ချုပ်ရေးအနေနဲ့ လတ်တလောဖြစ်နေတဲ့ တံတားကိုတော့ ပြုပြင်ဆောင်ရွက်တဲ့အခြေအနေတော့ ရှိပါတယ်။

မေး ။ ။ ဒေသတွင်း လိုအပ်ချက်တွေကို မြို့နယ်ကောင်စီအနေနဲ့ IEC ရဲ့ ဦးစီးကောင်စီကို တင်ပြချက်တွေရှိလား။ ဒီဖက် ဒေသရဲ့ အခက်အခဲ၊ လိုအပ်ချက်တွေကိုကော တင်ပြတောင်းခံမှု အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ သက်ဆိုင်ရာ ပြည်နယ်ရဲ့ဦးစီးကောင်စီကိုတော့ တောင်းဆိုတဲ့ဟာတော့ လမ်းပန်းဆက်သွယ်ရေးပဲပေါ့ လမ်းတံတားတင်တောင်းထားတာ ရှိတယ်။ နောက်တခုကတော့ မြေထိန်းနံရံပေါ့နော။ ဒီဟာကလည်း ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်တယ်။ လမ်းက အပေါ် နဲ့ အောက် ပြိုတဲ့ဟာရှိတယ် လတ်တလော အဲ့ဒါကို ပြင်ထိန်းဖို့လိုတော့ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ဦးစီးကောင်စီကို တင်ပြထားတယ်။ တချို့လမ်းအတွက်လည်း တင်ပြထားတာရှိတယ်ပေါ့နော။

မေး ။ ။ ကြားကာလမှာက ပြည်နယ်ရဲ့ ကြားကာလလွှတ်တော်တရပ်လည်းရှိနေတော့ အဲ့ဒီကနေတဆင့် နှစ်အလိုက် ဘတ်ဂျက်ဆွဲပြီး တင်ပြတာလား။ ဘယ်လိုပုံစံနဲ့ တင်ပြထားတာလဲ။
ဖြေ ။ ။ ဒီနှစ်ရဲ့ ဘတ်ဂျက်ကာလလို့ပဲပြောရမှာပေါ့နော တင်ထားသော်လည်းပဲ ကျလာတာတော့ မရှိသေးဘူးပေါ့နော။ ဖြစ်လာတဲ့ အရေးပေါ်အခြေအနေ တံတားပြိုတဲ့ဟာတွေတော့ လက်လှမ်းမီသလောက် ကိုယ်ထူကိုယ်ထနဲ့ပဲ လုပ်သွားတာရှိတယ်။ လိုအပ်တဲ့ ငွေရေးကြေးရေးအကူအညီတချို့ကိုတော့ သက်ဆိုင်ရာကို အမြန်ဆုံး လုပ်ဆောင်ဖို့လိုအပ်တယ်ဆိုရင်တော့ အဲ့ဒါကိုတော့ လတ်တလော ဖြေရှင်းရတာတော့ရှိတယ်။ တနှစ်စာစီမံချက်အရ တင်တောင်းတာရှိသလို အရေးပေါ်ရင် အရေးပေါ်သလို လုပ်သွားတာမျိုးရှိတယ်။

မေး ။ ။ ဖွဲ့စည်းပြီး တနှစ်ကျော်အတွင်း ဖွံဘော်ခွတ်မြို့နယ်အတွက် ဘယ်အပိုင်း၊ ကဏ္ဍတွေမှာ ဆောင်ရွက်ပြီးစီးခဲ့ပြီလဲ။
ဖြေ ။ ။ ရသွားတာကတော့ ကြားကာလအုပ်ချုပ်ရေးကောင်စီကနေပြီး ပံ့ပိုးပေးတဲ့ တမြို့နယ်ကို ၄ ရာခိုင်နှုန်း ဘတ်ဂျက်ချပေးတာရှိတယ်။ အဲ့ဒီဟာနဲ့ အဓိက လိုအပ်တဲ့ ဒေသရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းလို့ပဲပြောရမှာပေါ့နော လမ်းပန်းဆက်သွယ်ရေးကို အဓိကထားပြီး ပြန်ပြီးပြုပြင်ဆောင်ရွက်တာရှိတယ်။ ဒီမှာရှိတဲ့ ကောင်စီဝင်တွေနဲ့ ဆိုင်ရာ အဖွဲ့အစည်းတချို့ တွေနဲ့ သူတို့လက်လှမ်းမီသလောက် တခြားအဖွဲ့အစည်းတွေကို ချိတ်ဆက်ဆောင်ရွက်ပြီးတော့ ဒီမြို့နယ်ထဲမှာလည်း အရေးပေါ်ဖြစ်သွားတဲ့ ရွာမြေပြိုမှုတွေပေါ့နော အဲ့ဒီအတွက် ချိတ်ဆက်ဆောင်ရွက်ပြီးလုပ်သွားတာ ရှိတယ်ပေါ့နော။ ထွေထွေထူးထူး ရရှိတဲ့ဟာတော့မရှိဘူး ခုနက တခု၊ နှစ်ခု ရတဲ့ဟာနဲ့ပဲ လည်ပတ်ပြီးမှ ဆောင်ရွက်သွားတဲ့ဟာတွေရှိတယ်။

မေး ။ ။ IEC က ပေးဝေတဲ့ မြို့နယ်ရဲ့ ဘတ်ဂျက် ၄ ရာခိုင်နှုန်းက ငွေကြေးနဲ့ဆိုရင် ဘယ်လောက်ရှိမလဲ။
ဖြေ ။ ။ ပြည်နယ်ရဲ့ဝင်ငွေအပေါ် မူတည်မှာပေါ့နော။ ပြည်နယ်ရဲ့ဝင်ငွေ ဘယ်လောက်ရလဲဆိုတဲ့အပေါ် အခြေခံပြီးတော့ တွေ့ရသလောက်ကတော့ သိန်း ၁၀၀ နဲ့အထက်တော့ ရတယ်။ သိန်း ၁၀၀ ကနေ ၂၀၀ ကြားအထိတော့ ပျမ်းမျှအားဖြင့် ရတယ်။

မေး ။ ။ ဆရာတို့အနေနဲ့ ရရှိထားတဲ့ ဘတ်ဂျက် ၄ ရာခိုင်နှုန်းကို ဘယ်လိုကဏ္ဍတွေမှာ ပြန်ပြီး ခွဲဝေသုံးစွဲလဲ။
ဖြေ ။ ။ တချို့ကတော့ ရုံးလည်ပတ်ရေးအတွက် ပြန်သုံးတယ်။ ဦးစီးကောင်စီရဲ့ ခံစားခွင့်တချို့ကတော့ ပြန်ပေးတာပေါ့နော။ လတိုင်းပေးတဲ့အခြေနေမျိုးတော့ မဟုတ်ဘူး နှစ်လ လား၊ သုံးလ လား တဖြတ် အဲ့လို ပေါင်းပြီး သုံးသွားတာမျိုးရှိတယ်။ အဓိက အသုံးများဆုံးကတော့ အရေးပေါ် လိုအပ်ချက် ရှိတဲ့ နေရာ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးသွားတယ်။ တခြား ကျန်းမာရေးပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာ မှာလည်း လိုအပ်တဲ့ တောင်းဆိုမှုတွေကို အဲ့ဒီကနေ ပြန်ဖဲ့ပြီး သုံးစွဲရတာမျိုးရှိတယ်။

မေး ။ ။ အုပ်ချုပ်ရေးလို့ပြောလိုက်ပြီဆိုတာနဲ့ လူထုတွေက သူတို့ရဲ့လိုအပ်ချက် ၊ အခက်အခဲတွေကို တင်ပြတောင်းခံလိုတာရှိကြတယ်။ ဒေသတွင်း လူထုကကော ဘယ်လိုတောင်းဆိုမှုတွေကို ပြန်ကြားရတာရှိလဲ အဓိက လိုအပ်ချက်ဆိုရင်ကော ဘာဖြစ်မလဲ။
ဖြေ ။ ။ လမ်းပန်းဆက်သွယ်ရေးကတော့ နံပါတ်တစ်ဖြစ်တယ်။ နံပါတ်နှစ်ကတော့ စားဝတ်နေရေးဖြစ်တယ်ပေါ့နော။ ရွေ့ပြောင်းတောင်ယာလုပ်ကြတယ် နည်းစနစ်မမှန်တော့ တနှစ်စာ တနှစ် မဖူလုံတာမျိုးလည်းရှိတယ်။ အဲ့ဒါကိုလည်း တင်ပြလာတာရှိတယ်။ တချို့ရေရှားပါးတဲ့ နှစ်ရွာ၊ သုံးရွာလည်း တင်ပြလာတာရှိတယ်။ သို့ပေမဲ့ ခုနကပြောတဲ့ ဝင်ငွေအရက အရမ်းနည်းနေသေးတဲ့အချိန်မှာ ဦးစားပေးလုပ်ရမယ့်လုပ်ငန်းတွေကိုပဲ ရွေးချယ်ပြီး သွားရတဲ့အခြေနေပဲရှိသေးတယ်။ တချို့ကတော့ ကျေးရွာအဆင့်ကတော့ တော်တော်များများကတော့ စာနဲ့ပေနဲ့ တက်လာတဲ့ဟာ အုပ်စုအုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ်ကို ပြန်တင်ပြတဲ့ အခြေနေမျိုးတော့ ရှိတယ်။

မေး ။ ။ အုပ်စု ဒေသအတွင်းမှာက ကိုယ်ထူကိုယ်ထ ဆောင်ရွက်သွားတဲ့အပိုင်းတွေရှိတယ်။ လိုအပ်ချက်တွေလည်း များပြားနေဆဲဖြစ်တယ်ပေါ့။ ဆရာ့တယောက်အနေနဲ့ ဒီလို ဒေသရဲ့လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့က အုပ်ချုပ်ရေး ကောင်စီရဲ့ ဖွဲ့စည်းတည်ရှိမှုက ဘယ်လောက်ထိ အရေးကြီးတယ်လို့ထင်လဲ။
ဖြေ ။ ။ ရှင်းရှင်းပြောရရင် ကျနော်တို့ဖွဲ့စည်းထားတဲ့ ကောင်စီဝင်တွေကလည်း သူ့ရဲ့ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်သွားမယ် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့လည်း ပုံမှန်ချိတ်ဆက်ဆောင်ရွက် ၊ အောက်ခြေကနေလည်း အထက်ကို ပုံမှန် ချိတ်ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေဆိုရင် ဒါက စနစ်တခုအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတခုဖြစ်လာလိမ့်မယ်။ ကျေးရွာအဆင့်သော်လည်းကောင်း ၊ အုပ်စုအဆင့်သော်လည်းကောင်း လိုအပ်တဲ့ ရပ်ရွာ၊ အုပ်စု ၊ မြို့နယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုရင်လည်း အရေးကြီးတဲ့ ကဏ္ဍတခုထဲမှာပါတာပေါ့။ အုပ်ချုပ်ရေးစနစ်တခုသာ ကောင်းမွန်စွာ စနစ်တကျနဲ့ မလည်ပတ်နိုင်ဘူးဆိုရင် ဟိုမရောက်၊ ဒီမရောက် လေလွှင့်နေတဲ့ ကလေးတသိုက်လိုမျိုး ဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိတယ်ပေါ့နော။ စနစ်တကျ တစုတစည်းနဲ့ ပုံမှန်သွားနိုင်ဖို့ဆိုတာ ကျနော်တို့ အုပ်ချုပ်ရေး၊ ဦးစီးကောင်စီရဲ့ လုပ်ဆောင်ချက်၊ လုပ်ငန်းတာဝန်အပေါ်မှာလည်း အများကြီးမူတည်နေတယ်။ ကောင်စီဝင်တွေရဲ့အခန်းကဏ္ဍက အုပ်ချုပ်ရေး ယန္တရားတခုကို စနစ်တကျသွားနိုင်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်တယ်။

ဒေလကြိုအုပ်စုအတွင်းမှာ မြင်တွေ့ရတဲ့ လမ်းခရီး အခြေအနေ

မေး ။ ။ ဒီမြို့နယ်ဟာဆိုရင် ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသလည်းဖြစ်တယ်။ လက်ရှိကလည်း ကြားကာလ အနေအထားမှာဆိုပေမဲ့ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တိုက်နေတဲ့ အခြေအနေမှာ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ဖို့က အဓိက ဘာလို့ထင်လဲ ဘာတွေကို ဆောင်ရွက်သွားဖို့ လိုတယ်လို့ မြင်လဲ။
ဖြေ ။ ။ ဒီဖက် ဒေသအခြေအနေအရဆိုရင် ခုနကပြောတဲ့ အပေါ်ကနေ အောက်ဖြစ်ဖြစ် ၊ အောက်ကနေ အပေါ် ဖြစ်ဖြစ် Bottom- Up ဖြစ်ဖြစ် Federalism သွားတဲ့အချိန်မျိုးမှာ ဖက်ဒရယ်ဒီမိုကရေစီလို့ပြောလိုက်ရင်တော့ တန်းတူအခွင့်အရေးကို ပုံမှန်လေးလုပ်ဆောင်သွားမယ် ခွဲဝေဆောင်ရွက်သွားမယ်။ ကျနော်တို့ပြည်နယ်မှာရှိတဲ့ လူထုတွေအချင်းချင်းကလည်း အပြန်အလှန်နားလည်မှုနဲ့ စည်းလုံးပြီးတော့ ပူးပေါင်း လုပ်ဆောင်သွားမယ်ဆိုရင်တော့ အရင့်အရင်က ကြုံလာခဲ့တဲ့ အခက်ခဲ စိန်ခေါ်မှုတွေကတော့ တနည်းတဖုံတော့ ပြောင်းလဲနိုင်မယ့် အနေအထားရှိတယ်။ ပိုပြီး ဖွံ့ဖြိုးလာမယ်။ အဓိက ပြောချင်တာကတော့ စည်းလုံးခြင်းပါပဲ၊ အတူပူးပေါင်းရုန်းကန်ပြီးတော့ တွန်းလှန်မယ်ဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင် အရွေ့ တခု ၁၀၀ ရာခိုင်နှုန်းမဟုတ်ရင်တောင်မှ ၅၀ ရာခိုင်နှုန်းလား ၇၀ ရာခိုင်နှုန်းလား ဒါကတော့ စည်းလုံးပြီးတော့ ပူးပေါင်းလုပ်ဆောင်သွားမယ့် အခြေအနေပေါ် မူတည်တယ်ပေါ့နော။ တကယ်သာ လုပ်ဆောင်သွားနိုင်တယ်ဆိုရင်တော့ အများကြီးပြောင်းလဲမှုတခုနဲ့ သွားနိုင်မယ့် အနေအထားတခုရှိတယ်ပေါ့နော။

မေး ။ ။ ကြားကာလမှာတော့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်နဲ့ ဒေသအရေးကို ဆောင်ရွက်နေကြတာကိုလည်း တွေ့ရှိရတယ်။ ဆရာ့တယောက်အနေနဲ့ဆိုရင် ဖွတ်ဘော်ခွံ့မြို့နယ်ကို နောင်တချိန်ကျရင် ဘယ်လိုပုံစံနဲ့ မြင်စေချင်လဲ။
ဖြေ ။ ။ ပြည်နယ်တခုလုံးအနေနဲ့ ပြန်ခြုံပြီး ကြည့်ရမယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီပြောတဲ့အတွက်ကြောင့်မလို့ ဒီလိုမျိုး ရည်မှန်းချက်ပန်းတိုင်ထားတဲ့အတွက်ကြောင့် အောက်ခြေကနေ အပေါ် ကိုပြန်တက်တဲ့ စနစ်လို့လည်း ပြောလို့ရတယ်ပေါ့နော။ အဲ့ဒီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အတွက်ကြောင့်မလို့ ကဏ္ဍအလိုက် စနစ်တကျ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ရပ်ရွာအုပ်ချုပ်ရေးစနစ်ဆိုရင်လည်း ပိုပြီးတိုးတက်ပြောင်းလဲအောင် အုပ်ချုပ်ဖို့တော့လိုတာပေါ့နော။ အရင်ကလို ကြောက်စိတ်ပဲများတော့ တာဝန်အရပဲခန့်အပ်ထားတယ် နာမည်ပဲရှိပြီး လူက ဘားမှမလုပ်ဘူးဆိုတဲ့ စနစ်ကို ပြုပြင်ဖို့လိုတယ် ရပ်ရွာအဆင့်ပေါ့။ နောက်တခုက အုပ်စုအဆင့်ပေါ့ အုပ်စုအဆင့်ဆိုရင်လည်း ရပ်ရွာကနေပြန်ရွေးချယ်ပြီးတော့ တင်မြှောက်ထားတဲ့ အုပ်စုဥက္ကဌတွေဖြစ်တဲ့အတွက်ကြောင့်မလို့ ရပ်ရွာရဲ့တင်ပြချက်တွေကို အထက်ကို ထပ်ဆင့် တင်ပြလုပ်ဆောင်သွားဖို့လိုတယ်ပေါ့နော။ အောက်ခြေကနေ အပေါ်ကိုတက်လာတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို ကဏ္ဍအလိုက်လို့ပဲပြောရမှာပေါ့။ ရပ်ရွာဆိုလည်း ရပ်ရွာအဆင့်၊ အုပ်စုဆိုလည်း အုပ်စုအဆင့် ၊ မြို့နယ်အဆင့် ဒီလိုမျိုးသာ စနစ်တကျနဲ့ ပိုပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်မယ့် အနေအထားရှိပါတယ်။

မေး ။ ။ မြို့နယ်ကောင်စီမှာ ကဏ္ဍအလိုက် ဘယ်နှစ်မျိုး ဖွဲ့စည်းဆောင်ရွက်နေတာရှိလဲ။
ဖြေ ။ ။ မြို့နယ်အနေနဲ့ လတ်တလော ဖွဲ့စည်းနိုင်တာကတော့ ဌာနဆိုင်ရာ ၆ ခုနဲ့ပဲ အသက်သွင်းနိုင်သေးတာပေါ့။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရား တခုလည်ပတ်နိုင်ဖို့ဆိုရင်တော့ သူ့ရဲ့ဌာနအစုံကို ဖွဲ့စည်းတည်ဆောက်နိုင်ဖို့ လိုတာပေါ့နော။လတ်တလောလုပ်နိုင်မယ့်ဟာ နဲ့ အရေးတကြီးလိုအပ်မယ့် ဌာန လောက်ပဲ ဖွဲ့စည်းနိုင်သေးတယ်။ အဲ့တော့ ဌာန ၆ ခုနဲ့ပဲ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတယ်။

နံပါတ် ( ၁) ကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးရှိမယ်၊ ပြီးတော့ ကျန်းမာရေး၊ ပညာရေး ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်နေရာချထားရေးပေါ့နော၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဌာန၊ ပြည်သူ့လုံခြုံရေး (KSP) ပေါ့၊ စခန်းဆိုတာထက် လုံခြုံရေးကင်းပုံစံမျိုးနဲ့ ဖွဲ့စည်းထားတယ်။ တချို့ဌာနဆိုရင်တော့ သူ့ရဲ့ ဦးစီးမှူးတွေက ပြည်နယ်ကနေ တိုက်ရိုက်ခန့်အပ်ပေးတဲ့ ဦးစီးမှူးတွေရှိတယ်။

မေး ။ ။ မြို့နယ်ကောင်စီရဲ့ လုပ်ဆောင်ချက်၊ ဒေသတွင်း လိုအပ်ချက် အခက်အခဲတွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပြပေးနိုင်ပါတယ်။
ဖြေ ။ ။အဓိကကတော့ ဆိုင်ရာဌာနအားလုံးအလိုက် အကုန်လုံးက ဝေးလံခေါင်ဖျားတဲ့ဒေသမို့ တခါတလေလိုအပ်တဲ့ ဒီပံ့ပိုးကူညီဆောင်ရွက်မှုတွေ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းဘဲပြောပြော ဒါကလိုအပ်သလိုဦးစားပေး ရွေးချယ်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ရမလဲ ဆိုတဲ့ဟာက ဒါက ကျနော်တို့ အထက်မှာရှိတဲ့လူကြီးတွေက ဒါကိုမြေပြင်အခြေအနေ ကိုသေချာလေးသိပြီး အကောင်အထည်ဖော်ဆာင်ရွက်သွားမယ် ဆိုရင်တော့ ခုနကပြောတဲ့ မြို့နယ်အဆင့်သော်လည်းကောင်း၊အုပ်စုအတွင်းသော်လည်းကောင်း လိုအပ်တဲ့လိုအပ်ချက်တွေက ပိုပြီးတော့ ထိရောက်တဲ့ ဝန်ဆောင်မှုတခုကနေနဲ့တော့ လည်ပတ်နိုင်မယ်ပေါ့ ။ ဒီဟာကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက ဒါကို အဓိကသေချာစစ်ဆေးပြီးမှ ပူးပေါင်းလုပ်ဆောင်သွားရင်တော့ အများကြီး ကျနော်တို့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း ရောက်ရှိနိုင်တယ် ဒါလေးဘဲ ပြန်ဖြည့်စွက်ပေးချင်တယ်ပေါ့နော်။

ကျေးဇူတင်ပါတယ်။

spot_img

Recent posts