ကန္တာရဝတီတိုင်း (မ်)
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဆောက်လက်စ တိုက်ပြိုကျမှုအတွင်း ပိတ်မိနေသူနဲ့ ဆက်စပ်မှုရှိကြောင်း DNA တိုက်စစ်ဖို့ အတွက် ဘန်ကောက်မြို့ကိုသွားမယ်လို့ တိုက်ပြိုကျမှုမှာ ပါဝင်တဲ့ ကရင်နီလူငယ် မောင်လူစီယားနိုရဲ့ ညီမဖြစ်သူ ဘယ်ရောနီကာ ငဲငယ်က ပြောပါတယ်။
ငလျင်ကြောင့် ပြိုကျသွားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆောက်လက်စ ထိုင်း အစိုးရငွေစာရင်းစစ်ချုပ်ရုံး ပြိုကျသွားခဲ့မှုမှာ ပိတ်မိနေသူတချို့ကို တူးဖော်ရရှိပေမဲ့ မည်သူမည်ဝါ ခွဲခြားလို့မရတာကြောင့် မိသားစုဝင်တွေကို DNA လာရောက်စစ်ဆေးဖို့ ထိုင်းအစိုးရက ပြောဆိုလိုက်တာဖြစ်ပါတယ်။
DNA သွားရောက်စစ်ဆေးဖို့အတွက် အလုပ်ရှင် ကုမ္ပဏီ၊ ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တာဝန်ယူစေလိုတယ်လို့ မောင်လူစီယားနိုရဲ့ ညီမဖြစ်သူ ဘယ်ရောနီကာ ငဲငယ်က ပြောပါတယ်။

“ကြားထားတာက မိခင်ဖြစ်သူလာမှ အဆင်ပြေမယ်လို့ကြားထားတယ်။ အမေတစ်ယောက်ထဲသွားဖို့ကလည်း အဆင်မပြေတော့ မောင်လေးတစ်ယောက်ပါ ထည့်သွားရမှာမလို့ လမ်းစရိတ်ပိုကုန်မှာပါ။ အဲဒီအတွက်လည်း စဥ်းစားစေချင်တယ်” လို့ပြောပါတယ်။
ပိတ်မိနေသူ မောင်လူစီယားနိုဟာ အသက် ၃၁ နှစ်ရှိပြီး ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို တရားဝင်အထောက်အထားနဲ့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ညီမဖြစ်သူ ဘယ်ရောနီကာက ပြောပါတယ်။
ပြိုကျမှုဖြစ်စဉ်အပြီး ဧပြီ ၆ ရက်မှာတော့ သေဆုံးသူ ၁၆ ယောက်၊ ဆေးရုံတက်နေသူ ၉ ယောက်၊ ကျန်ရှိသူ စုစုပေါင်း ၇၈ ယောက်ရှိတယ်လို့ မြေပြင်မှာ သတင်း ထုတ်ပြန်ထားကြောင်း DVB သတင်းဌာနကပြောထားပါတယ်။
ဘန်ကောက်မြို့က ပြိုကျသွားတဲ့ အဆောက်အဦးအောက်မှာ အလုပ်လုပ်နေတဲ့ ကရင်နီလူငယ် ၂ ဦးပါဝင်ပြီး မိုးဇက် လို့အမည်ရတဲ့ လူငယ်ကတော့ လွှတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ဦးထူးချစ်က ပိတ်မိနေတဲ့ လူစီယားနိုရဲ့ သတင်းအချက်အလက်ကို မကြားသိရသေးဘူးလို့လည်း ဧပြီလ ၇ ရက်နေ့မှာ ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
အဆောက်အဦးပြိုကျမှုမှာ ပါဝင်နေတဲ့ ကရင်နီလူငယ် ၂ ယောက်အတွက် အလုပ်ရှင်က တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်မှုမရှိမှသာ လိုအပ်တဲ့ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးသွားမယ်လို့လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“အလုပ်ရှင်ကနေ ဥပေက္ခာပြုလိုက်ရင်တော့ ကျနော်တို့က အမြဲတမ်း ဝင်ကူလေ့ရှိပါတယ်။ အကယ်၍ အလုပ်ရှင်ကနေ ကူညီပံ့ပိုးမှုကို စနစ်တကျ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ ထူးထူးထွေထွေ ဘာမှ ဝင်ရောက်ကူညီစရာမလိုဘူးပေါ့နော။ ဒါက အလုပ်ရှင် နဲ့ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ တာဝန်ယူမှုအပိုင်းတွေ ပေါ့နော” လို့ ဦးဗညားက ပြောပါတယ်။
လူစီယားနိုရဲ့ သတင်းအချက်အလက်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်မရပေမယ့် အကိုဖြစ်သူ အသက်ရှင်နေအုံးမယ်လို့ မျှော်လင့်တယ်လို့ ဘယ်ရောနီကာ ငဲငယ်က ပြောပါတယ်။
“စိုးရိမ်တာကတော့ ကယ်ဆယ်ရေးတွေ ရှာဖွေရေးဆက်မလုပ်ပဲ လက်လျှော့သွားမှာကိုပဲ စိုးရိမ်တယ်။ အခုချိန်ထိတော့ သူအသက်ရှင်ဖို့ မျှော်လင့်တုန်းပါပဲ” လို့ ဘယ်ရောနီကာ ငဲငယ်ကပြောပါတယ်။
အဆောက်အအုံပြိုကျမှုအတွင်း သေဆုံးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တယောက်ကို ထိုင်းဘတ်ငွေ ၂သန်း အထိ ပေးသွားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် အထောက်အထားမဲ့ အလုပ်သမားတွေအတွက်လည်း သေချာ စိစစ်ပြီး ပေးသွားမယ်လို့ဆိုပါတယ်။